
အမေရိကန်အောက်လွှတ်တော် ရီပတ်ဘလစ်ကန်အမတ်များက ကာကွယ်ရေးဝန်ကြီး ပိဟတ်ဂ်ဆတ်ကို စွပ်စွဲပြစ်တင်ရန် ကြိုးပမ်းမှုကို နိုဝင်ဘာ ၁၀ ရက်တွင် တားဆီးလိုက်သည်။
ထို့ကြောင့် အငြင်းပွားဖွယ်ရာဖြစ်နေသည့် ပင်တဂွန်အကြီးအကဲ ဟတ်ဂ်ဆတ်အနေဖြင့် လတ်တလော ဖိအားလျော့ကျသွားသော်လည်း လာမည့်နှစ်တွင် ဒီမိုကရက်တစ်ပါတီက ကွန်ဂရက်ကို ထိန်းချုပ်လာပါက စွပ်စွဲပြစ်တင်ရေးကို ထပ်မံကြိုးပမ်းလာနိုင်သည့် အခြေအနေတော့ရှိသည်။
ကာကွယ်ရေးဝန်ကြီးကို စွပ်စွဲပြစ်တင်ရန် တင်သွင်းထားသည့် အချက် ၈ ချက်ကို ရီပတ်ဘလစ်ကန်ပါတီ ဦးဆောင်သည့် အောက်လွှတ်တော် တရားစီရင်ရေးကော်မတီထံ လွှဲပြောင်းရန်အဆိုကို အောက်လွှတ်တော်က ထောက်ခံမဲ ၂၁၁ မဲ၊ ကန့်ကွက်မဲ ၂၀၄ မဲဖြင့် အတည်ပြုခဲ့သည်။ သို့သော် အဆိုကို လွှဲပြောင်းလိုက်ခြင်းသည် စွပ်စွဲပြစ်တင်ရေး ကြိုးပမ်းမှုကို ရပ်တန့်သွားစေမည်ဖြစ်ကြောင်း အဆိုကို ဦးဆောင်တင်သွင်းသူ ရီပတ်ဘလစ်ကန်အမတ် သောမတ်စ်မက်ဆီက သတိပေးခဲ့သည်။
မဲခွဲဆုံးဖြတ်မှု မပြုလုပ်မီ နာရီပိုင်းအလိုတွင် ဟတ်ဂ်ဆတ်က ၎င်းကို စွပ်စွဲပြစ်တင်ရန် ကြိုးပမ်းမှုများသည် အဓိပ္ပာယ်မရှိသည့် လုပ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကာကွယ်ရေးဝန်ကြီးအဖြစ် ၎င်း၏ လုပ်ဆောင်ချက်များကို ပြတ်ပြတ်သားသား ကာကွယ်ပြောဆိုခဲ့သည်။ သမ္မတ ဒေါ်နယ်ထရန့်ကလည်း ချီးကျူးထောက်ခံခဲ့သည်။
ဒီမိုကရက်တစ်အမတ်များက စွပ်စွဲပြစ်တင်ရေး ကြိုးပမ်းမှုကို အခိုင်အမာ ထောက်ခံခဲ့ကြသော်လည်း ကယ်လီဖိုးနီးယားပြည်နယ်မှ အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပယ်လိုစီအပါအဝင် ဒီမိုကရက်တစ်အမတ် ၁၁ ဦးက မဲပေးခြင်းမရှိခဲ့ပေ။ ယင်းတို့အနက် ၈ ဦးသာ မဲပေးခဲ့ပါက လွှဲပြောင်းရေးအဆို ရှုံးနိမ့်သွားပြီး ကာကွယ်ရေးဝန်ကြီးကို အောက်လွှတ်တော်၌ တရားဝင်စွပ်စွဲပြစ်တင်ရန် မဲခွဲဆုံးဖြတ်နိုင်မည့် အခြေအနေ ဖြစ်လာနိုင်သည်။
မဲရလဒ်ထွက်ပေါ်ပြီးနောက် ထရန့်က လူမှုကွန်ရက်တွင် အီရန်၊ ဗင်နီဇွဲလားနှင့် အခြားကိစ္စများတွင် ဟတ်ဂ်ဆတ်၏ လုပ်ဆောင်ချက်များက မဟာအမေရိကန် မျိုးချစ်တစ်ဦးဖြစ်ကြောင်း သက်သေပြခဲ့သည်ဟု ချီးကျူးခဲ့သည်။ ဟတ်ဂ်ဆတ်သည် အမေရိကန်ကာကွယ်ရေးဝန်ကြီးများအနက် စွပ်စွဲပြစ်တင်ခံရမည့် ပထမဆုံးဝန်ကြီး ဖြစ်လာနိုင်သည့်အနေအထားမှ လတ်တလော ရှောင်လွှဲနိုင်ခဲ့ပြီဖြစ်သည်။
Source: Reuters
#elevennews #အမေရိကန်ကာကွယ်ရေးဝန်ကြီး ဟတ်ဂ်ဆတ် #အမေရိကန်အောက်လွှတ်တော်