Eleven Media Group

■ အမေရိကန်အစိုးရဝန်ထမ်းများ တရုတ်(တိုင်ပေ)အစိုးရရုံးများတွင် တစ်နှစ်အထိ တာဝန်ထမ်းဆောင်မည်

အစီအစဉ်သစ်တစ်ခုအရ အမေရိကန်အစိုးရဝန်ထမ်းအချို့ တရုတ်(တိုင်ပေ)ရှိ အစိုးရရုံးများတွင် တစ်နှစ်အထိ လာရောက်တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း တရုတ်(တိုင်ပေ)ရှိ အမေရိကန်ကိုယ်စားလှယ်ရုံးက နိုဝင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်လိုက်သည်။

အခြားနိုင်ငံအများစုနည်းတူ အမေရိကန်သည် တရုတ်(တိုင်ပေ) နှင့် တရားဝင်သံတမန်ဆက်ဆံရေး မရှိသော်လည်း တရုတ်(တိုင်ပေ)၏ အရေးအပါဆုံး မိတ်ဖက်နိုင်ငံ ၊ လက်နက်အဓိက ပံ့ပိုးပေးသည့်နိုင်ငံဖြစ်သည်။ ထိုအချက်က တရုတ်နိုင်ငံနှင့် အမေရိကန်တို့ကြား ဆက်ဆံရေးတွင် အမြဲအငြင်းပွားစရာဖြစ်နေသည်။

Taiwan Fellowship Program (TFP) အစီအစဉ်တွင် ပါဝင်မည့် အမေရိကန်အစိုးရဝန်ထမ်းများသည် တစ်နှစ်ကြာ မန်ဒရင်းတရုတ်ဘာသာစကားကို အထူးပြုသင်ကြားလေ့လာမှုများ ပြုလုပ်ရမည်။ သင်တန်းပြီးဆုံးပါက ၎င်းတို့သည် တရုတ်(တိုင်ပေ)ရှိ လွှတ်တော်ရုံးများ၊ ဝန်ကြီးဌာနများ၊ အစိုးရဌာနများ ရုံးများ၊ အစိုးရပြင်ပ အဖွဲ့အစည်းများတွင် တစ်နှစ်အထိ တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း American Institute in Taiwan (AIT) က ထုတ်ပြန်သည်။ တိုင်ပေမြို့ရှိ AIT ရုံးသည် အမေရိကန်သံရုံးကဲ့သို့ လုပ်ငန်းတာဝန်များကို ဆောင်ရွက်သည့်ရုံး ဖြစ်သည်။
အစီအစဉ်၏ အဓိကရည်ရွယ်ချက်က အမေရိကန်-တရုတ်(တိုင်ပေ) ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေရန်ဖြစ်ကာ နှစ်စဉ် လူအရေအတွက်မည်မျှ ပါဝင်မည်ကိုတော့ မသိရပေ။

ယခုအစီအစဉ်အတွက် နားလည်မှုစာချွန်လွှာ (MOU) ကို နိုဝင်ဘာ ၁၀ ရက်တွင် အမေရိကန်၌ လက်မှတ်ရေးထိုးခဲ့သည်။ အမေရိကန်က ၁၉၉၄ ခုနှစ်တွင်လည်း ဂျပန်နိုင်ငံအတွက် အလားတူအစီအစဉ်တစ်ခုကို စတင်ခဲ့သည်။

Source: Reuters

မူရင်းသတင်း — Eleven Media Group