
လာမည့် တန်ဆောင်တိုင် ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် မြန်မာ့မီးရထားက ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-မော်လမြိုင်နှင့် ရန်ကုန်-ပြည်လမ်းပိုင်းများတွင် DEMU၊ လေအိတ်နှင့် အမြန်အထူးရထားများကို နိုဝင်ဘာ ၂၀ ရက်မှ ၂၅ ရက်အထိ တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အထူးရထားခရီးစဉ်များတွင် ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-နေပြည်တော်၊ နေပြည်တော်-ရန်ကုန်၊ ရန်ကုန်-ပြည်နှင့် ပြည်-ရန်ကုန် ခရီးစဉ်များအပြင် မော်လမြိုင်-ရန်ကုန်နှင့် ရန်ကုန်-မော်လမြိုင် ခရီးစဉ်များလည်း ပါဝင်ပြီး စုစုပေါင်း ခရီးစဉ် ၁၄ ခု ပြေးဆွဲရန် စီစဉ်ထားကြောင်း ORTP ဌာန ထုတ်ပြန်ချက်အရ သိရသည်။
အထူးရထားခရီးစဉ်အစီအစဉ်အရ နိုဝင်ဘာ ၂၀ ရက်တွင် ရန်ကုန်-မော်လမြိုင်လမ်းပိုင်း၌ မော်လမြိုင် အဆန်အထူးရထားတစ်စင်း စတင်ပြေးဆွဲမည်ဖြစ်သည်။
နိုဝင်ဘာ ၂၁ ရက်နှင့် ၂၄ ရက်တွင် ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင် လမ်းပိုင်း သုံးခုစလုံး၌ အဆန်အထူးနှင့် အစုန်အထူးရထားခရီးစဉ်များကို အပြန်အလှန် တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
ရုံးပိတ်ရက် နောက်ဆုံးနေ့ဖြစ်သည့် နိုဝင်ဘာ ၂၅ ရက်တွင် မော်လမြိုင်-ရန်ကုန်လမ်းပိုင်း၌ မော်လမြိုင် အစုန်အထူးရထားကို ထပ်မံပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
တန်ဆောင်တိုင် ရုံးပိတ်ရက်သည် ခရီးသွားလာမှု များပြားသောကာလဖြစ်သည့်အတွက် ထပ်တိုးထားသော ရထားခုံနေရာများကို အွန်လိုင်းရထားလက်မှတ်စနစ် (ORTP) ဖြစ်သည့် ortp.railways.gov.mm မှတစ်ဆင့် အမြန်ဆုံး ကြိုတင်ဝင်ရောက် ဝယ်ယူနိုင်ပြီဖြစ်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါက Hotline နံပါတ် 1188 သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။