
ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က အတည်ပြုထားသည့် ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး (ညွှန်ကြားရေးမှူး) ဒေါ်စန္ဒာကျော်က နိုဝင်ဘာ ၁၂ ရက်တွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော်တွင် ကတိသစ္စာပြုခဲ့ကြောင်း သိရသည်။
တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) ဒုတိယနေ့ကို နိုဝင်ဘာ ၁၂ ရက် နံနက် ၁၀ နာရီတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၇၄ ဦးအနက် ၆၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် နိုဝင်ဘာ ၉ ရက်က ကျင်းပခဲ့သည့် အရေးပေါ်အစည်းအဝေး ပထမနေ့၌ လွှတ်တော်၏ သဘောတူညီချက်ဖြင့် အတည်ပြုထားသည့် ဒေါ်စန္ဒာကျော်အား လစ်လပ်သွားသော ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးနေရာတွင် ခန့်အပ်တာဝန်ပေးအပ်ခဲ့ပြီးနောက် နည်းဥပဒေအရ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာတွင် လက်မှတ်ရေးထိုးခြင်းတို့ ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။
လက်ရှိ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ဒေါ်အေးအေးသန့်သည် နိုဝင်ဘာ ၅ ရက်တွင် အသက် ၆၅ နှစ်ပြည့်မြောက်သဖြင့် ရာထူးနေရာလစ်လပ်မည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုဝင်ဘာ ၃ ရက် နေ့စွဲပါစာတွင် ဖော်ပြထားသည်။ ယင်းရာထူးနေရာအတွက် ဒေါ်စန္ဒာကျော်အား ခန့်အပ်တာဝန်ပေးနိုင်ရေး အမည်စာရင်းကို ဝန်ကြီးချုပ်က လွှတ်တော်သို့ ပေးပို့တင်ပြခဲ့ခြင်းဖြစ်သည်။
ဒေါ်စန္ဒာကျော်၏ အမည်စာရင်းကို နိုဝင်ဘာ ၉ ရက်က ကျင်းပသည့် အရေးပေါ်အစည်းအဝေး ပထမနေ့တွင် လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးက တင်ပြခဲ့ရာ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်မရှိသဖြင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ပြီး သဘောတူညီမှုရရှိသည့်အတွက် ခန့်အပ်တာဝန်ပေးရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။