Myanmar Transparency News

ပါကစ္စတန်နိုင်ငံ၊ ခိုင်ဘာပက်ခ်တွန်ခွာပြည်နယ် ရွှေတူးဖော်မှုတိုက်ဖျက်ရေးစစ်ဆင်ရေးအတွင်း အကြမ်းဖက်သမား ၁၈ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံး

သက်တံ့

၁၂. ၁၁. ၂၀၂၆

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခိုင်ဘာ ပက်ခ်တွန်ခွာ (Khyber Pakhtunkhwa) ပြည်နယ်တွင် ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သော အပြန်အလှန် ပစ်ခတ်မှုအတွင်း အကြမ်းဖက်သမား အနည်းဆုံး ၁၈ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း Geo News သတင်းဌာနက ဖော်ပြသည်။

ခိုင်ဘာ ပက်ခ်တွန်ခွာ (Khyber Pakhtunkhwa) ပြည်နယ်၊ ကိုဟတ် (Kohat) ခရိုင်၊ ဒါရာဘူကက်ချ် (Darabukach) ဒေသ၌ တရားမဝင် ရွှေတူးဖော်မှု တိုက်ဖျက်ရေး စစ်ဆင်ရေးမှ ပြန်လာသည့် ရဲတပ်ဖွဲ့ဝင်များကို အကြမ်းဖက်သမားများက ခြုံခိုတိုက်ခိုက်ခဲ့ရာမှ အပြန်အလှန် ပစ်ခတ်မှု စတင်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်သူများသည် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဖြစ်သော ပါကစ္စတန် တာလီဘန်အဖွဲ့ (Tehreek-e-Taliban Pakistan – TTP) မှ ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသည်။

TTP အကြမ်းဖက်သမားများသည် ဒေသတွင်း တရားမဝင် သတ္တုတူးဖော်မှုတွင် ပါဝင်ပတ်သက်နေသော ရာဇဝတ်ဂိုဏ်းများနှင့် ပူးပေါင်းကာ ယခုတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။ ယင်းတိုက်ခိုက်မှုသည် အကြမ်းဖက်အုပ်စုများနှင့် ရာဇဝတ်ကွန်ရက်များအကြား စနစ်တကျ ချိတ်ဆက်လုပ်ဆောင်နေမှု၏ သက်သေပင်ဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။

ထို့ပြင် အကြမ်းဖက်သမားများသည် ပြင်ပအင်အားစုများ၏ စေခိုင်းချက်အရ လုပ်ဆောင်နေခြင်းဖြစ်ကြောင်းလည်း တာဝန်ရှိသူများက ပြောဆိုခဲ့သည်။

တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားသည့် ရဲတပ်ဖွဲ့ဝင်များထဲတွင် ဒုတိယရဲမှူးကြီး ဟိုင်ဒါ ဇာမန် (Haidar Zaman) ဆိုသူ အရာရှိတစ်ဦးလည်း ပါဝင်သည်။

ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်ဖ် (Shehbaz Sharif) က အဆိုပါ တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချခဲ့ပြီး အသက်ဆုံးရှုံးခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုခဲ့သည်။ ၎င်းက ကျန်ရစ်သူ မိသားစုများထံ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပြီး တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားသူများသည် နိုင်ငံတော်၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အမြင့်ဆုံး ပေးဆပ်ခဲ့ကြသည့် သူရဲကောင်းများဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရာဇဝတ်ဂိုဏ်းများနှင့် TTP တို့အကြား ချိတ်ဆက်လုပ်ဆောင်မှုသည် ပါကစ္စတန်နိုင်ငံအတွင်း မတည်မငြိမ်ဖြစ်အောင် ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း ရှာဘတ်ဇ်က ပြောဆိုသည်။ အစိုးရအနေဖြင့် နိုင်ငံတော်၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးအပေါ် မည်သည့်အခါမျှ အလျှော့ပေးမည်မဟုတ်ဘဲ အကြမ်းဖက်ဝါဒ အမြစ်ပြတ်ချေမှုန်းရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

TTP ကဲ့သို့သော အဖွဲ့များက နိုင်ငံတစ်ဝန်း တိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လာခြင်းနှင့် ပါကစ္စတန်-အာဖဂန်နစ္စတန် ဆက်ဆံရေး ယိုယွင်းလာခြင်းတို့ကြောင့် ပါကစ္စတန်နိုင်ငံတစ်ဝန်း အထူးသဖြင့် ခိုင်ဘာ ပက်ခ်တွန်ခွာနှင့် ဘာလိုချီစတန် (Balochistan) ပြည်နယ်တို့တွင် အကြမ်းဖက်မှုများ ဆက်တိုက်မြင့်တက်နေချိန်၌ ယခုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပါကစ္စတန် ပဋိပက္ခနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (PICSS) ၏ အဆိုအရ ပါကစ္စတန်နိုင်ငံတွင် ၂၀၂၆ ခုနှစ် စက်တင်ဘာလအတွင်း အကြမ်းဖက်တိုက်ခိုက်မှုပေါင်း ၂၂၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ယင်းမှာ ၁၂ နှစ်အတွင်း လစဉ်အမြင့်ဆုံး အရေအတွက် ဖြစ်သည်။ အဆိုပါ ကိန်းဂဏန်းသည် သြဂုတ်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု ၁၉၉ ကြိမ်ထက် ၁၃ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်သည်။

ကဘူးလ်မြို့ရှိ တာလီဘန်အစိုးရသည် အကြမ်းဖက်အုပ်စုများ အထူးသဖြင့် TTP အဖွဲ့အား အာဖဂန်နစ္စတန် နယ်မြေအတွင်းမှ လှုပ်ရှားခွင့်ပြုထားပြီး ပါကစ္စတန်နိုင်ငံအတွင်းသို့ တိုက်ခိုက်မှုများ ပြုလုပ်ရန် အခြေစိုက်စခန်းအဖြစ် အသုံးပြုခွင့်ပေးထားကြောင်း ပါကစ္စတန်က အကြိမ်ကြိမ် စွပ်စွဲခဲ့သည်။

တာလီဘန်ဘက်ကမူ အဆိုပါ စွပ်စွဲချက်များကို ငြင်းဆိုထားသည်။

အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း အာဖဂန်နယ်မြေမှ လှုပ်ရှားနေသည့် စစ်သွေးကြွအုပ်စုများ ရှိနေမှုနှင့် ပတ်သက်၍ ပါကစ္စတန်နှင့် တာလီဘန်တို့အကြား သဘောထားကွဲလွဲမှုများကို ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။

Ref: First Post

မူရင်းသတင်း — Myanmar Transparency News