Myanmar Transparency News

၂၄ နာရီကြာ အရှင်လတ်လတ် မြေမြှုပ်ခံရပြီးနောက် ကယ်တင်နိုင်ခဲ့သည့် လသားကလေးငယ်၏ ဖခင်ဖြစ်သူကို လူသတ်ရန် ကြိုးပမ်းမှုဖြင့် တရားစွဲဆို

သက်တံ့

၁၂. ၁၁. ၂၀၂၆

ခွေးလှောင်အိမ်တစ်ခုအတွင်း ထည့်သွင်း၍ အရှင်လတ်လတ် မြေမြှုပ်ခံထားရရာမှ ၂၄ နာရီခန့်အကြာတွင် အသက်ရှင်လျက် ပြန်လည်လွတ်မြောက်လာခဲ့သည့် အသက် ၁၁ လအရွယ် ယောက်ျားလေးတစ်ဦး၏ ဖခင်ဖြစ်သူကို အမေရိကန်ပြည်ထောင်စု၊ တောင်ကယ်ရိုလိုင်းနားပြည်နယ်တွင် လူသတ်ရန် ကြိုးပမ်းမှုဖြင့် တရားစွဲဆိုလိုက်ကြောင်း အာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ကိုလံဘီယာမြို့၏ အနောက်ဘက် လက်ဆင်တန်ခရိုင် (Lexington County) တွင် ပျောက်ဆုံးသွားကြောင်း တိုင်ကြားခံခဲ့ရသည့် ကိုအာ ရှာ့ပ် (Koah Sharp) အမည်ရှိ ကလေးငယ်သည် ကယ်ဆယ်နိုင်ခဲ့ပြီးနောက် အင်္ဂါနေ့ညပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ကာ အပြည့်အဝ ပြန်လည်သက်သာလာမည်ဟု မျှော်လင့်ရကြောင်း ခရိုင်ရဲမှူး ဂျေး ကွန်း (Jay Koon) က ပြောကြားသည်။

ကလေးငယ်၏ အသက် ၂၅ နှစ်အရွယ် ဖခင်ဖြစ်သူ မိုက်ကယ် ကိုမာ (Michael Comer) သည် လူသတ်ရန် ကြိုးပမ်းမှုနှင့် အခြားစွဲချက်များဖြင့် ရင်ဆိုင်နေရသည်။ ကိုအာ ပျောက်ဆုံးသွားသည့် တနင်္လာနေ့ကတည်းက ၎င်းကို ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်သည်။

ကလေးငယ် ကိုအာသည် မြေအောက်တွင် ၂၄ နာရီခန့် ရှိနေခဲ့သော်လည်း ခွေးလှောင်အိမ်ကို မျက်နှာသုတ်ပဝါဖြင့် ပတ်ထားသဖြင့် လေခိုအိတ် (Air pocket) ဖြစ်ပေါ်ခဲ့ခြင်းကြောင့် အသက်ရှင်ကျန်ရစ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရဲမှူး ကွန်းက ပြောသည်။ အေးမြသော ရာသီဥတုကလည်း အထောက်အကူ ဖြစ်စေခဲ့ဖွယ်ရှိသည်။

အဘွားဖြစ်သူ အပြင်သို့ ခေတ္တသွားရောက်နေစဉ် ပျောက်ဆုံးသွားခဲ့သည့် ရွှေအိုရောင်ဆံပင်နှင့် တက်ကြွဖျတ်လတ်သော ကလေးငယ်ကို ရှာဖွေရန် ကယ်ဆယ်ရေးဝန်ထမ်း ဒါဇင်ပေါင်းများစွာက ကျေးလက်ဒေသတစ်ဝိုက် အနှံ့အပြား ရှာဖွေခဲ့ကြသည်။

တစ်နေကုန် ရှာဖွေပြီးနောက် ကလေးငယ်၏ အဘိုးဖြစ်သူ၏ နေအိမ်နှင့် မနီးမဝေးရှိ တောအုပ်အတွင်း လတ်တလော တူးဆွထားသည့် မြေပုံတစ်ခုကို အာဏာပိုင်များက တွေ့ရှိခဲ့ပြီး မြေအောက်မှ ကလေးငိုသံကို ကြားခဲ့ရကြောင်း ရဲမှူးက ပြောသည်။

“ခင်ဗျားတို့ တွေးကြည့်လို့ရပါတယ်၊ အချိန်နဲ့တစ်ပြေးညီ အပြေးအလွှား ဖြစ်သွားတာပေါ့။ အားလုံးက သူ့ကို အမြန်ဆုံး ဆွဲထုတ်နိုင်ဖို့ ကြိုးစားခဲ့ကြတယ်” ဟု ကွန်းက ပြောသည်။

၎င်းတို့သည် မြေကြီးကို စတင်တူးဖော်ခဲ့ကြရာ အသက်လုရှူနေရသည့် ကလေးငယ်ကို မကြာမီ ကယ်ထုတ်နိုင်ခဲ့ကြောင်း ရဲမှူးက ဆိုသည်။

“သူက အသံကုန် ဟစ်အော်ငိုနေခဲ့တာပါ။ ကလေးတွေရဲ့ လောကမှာတော့ ဒါဟာ ကောင်းတဲ့လက္ခဏာတစ်ခုလို့ ကျွန်တော် ထင်ပါတယ်” ဟု ကွန်းက ပြောကြားခဲ့သည်။

ကိုမာကို ဘိတ်စ်ဘာ့ဂ်-လီးစ်ဗီးလ် (Batesburg-Leesville) မြို့ရှိ အဆောက်အအုံတစ်ခုအတွင်း ပုန်းအောင်းနေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ စွဲချက်များကို တုံ့ပြန်ဖြေရှင်းရန် ၎င်းတွင် ရှေ့နေရှိ၊ မရှိကိုမူ ချက်ချင်း မသိရသေးဘဲ ကြာသပတေးနေ့တွင် တရားရုံး ကြားနာစစ်ဆေးရန် စီစဉ်ထားသည်။

“ကိုအာ ဘေးကင်းသွားပြီဆိုတာ သိရတော့ အခုမှပဲ ကျွန်မတို့ စိတ်အေးရတော့တယ်” ဟု ကလေးငယ်၏ အဘွားလေး တော်စပ်သူ အမ်ဘာ ဟမ်းမွန်း (Amber Hammond) က Associated Press သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ သူမသည် ကလေးငယ်ကို လှောင်အိမ်ထဲမှ ကယ်ထုတ်နေစဉ် ဘေးမှ စောင့်ကြည့်နေခဲ့သူ ဖြစ်သည်။

ကိုအာကို ကိုမာ၏ မိခင်ဖြစ်သူက စောင့်ရှောက်ထားခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။ သူမသည် အပြင်သို့ ကိစ္စတစ်ခုဖြင့် သွားရန်ရှိသဖြင့် ကလေးငယ်ကို ကိုမာထံ အပ်နှံထားခဲ့ပြီး အခြား ကလေးထိန်းတစ်ဦးလည်း လာနေသည့် လမ်းခရီးတွင် ရှိနေခဲ့ကြောင်း ရဲမှူး ကွန်းက ဆိုသည်။

“ကလေးထိန်း ရောက်လာတဲ့အချိန်မှာတော့ မိုက်ကယ်လည်း မရှိတော့သလို ကိုအာလည်း သူနဲ့အတူ ပါသွားခဲ့ပြီ” ဟု ကွန်းက ပြောသည်။

တနင်္လာနေ့ မွန်းလွဲပိုင်းတွင် အနီးအနားရှိ စီးပွားရေးလုပ်ငန်းများစွာမှ လုံခြုံရေးကင်မရာ မှတ်တမ်းများ၌ ကိုမာကို ကလေးငယ်မပါဘဲ တစ်ဦးတည်း တွေ့မြင်ခဲ့ရကြောင်း ကွန်းက ပြောကြားခဲ့သည်။ ထို့နောက် တနင်္လာနေ့ညပိုင်းတွင် ဖခင်ဖြစ်သူကို ရှာဖွေတွေ့ရှိကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကိုအာ၏ မိဘနှစ်ဦးတွင် အိမ်တွင်းအကြမ်းဖက်မှု စွဲချက်များနှင့် ပတ်သက်သည့် ပြဿနာအချို့ ရှိခဲ့ဖူးကြောင်း ရဲမှူးက ပြောသည်။

“တစ်ခါတလေကြတော့ ကလေးတွေက ကြားထဲကနေ မြေစာပင် ဖြစ်ရတာပေါ့” ဟု ၎င်းက ဆိုသည်။

လက်ဆင်တန်ခရိုင် အွန်လိုင်းတရားရုံး မှတ်တမ်းများအရ ကိုမာသည် ဇူလိုင်လအတွင်း ဖမ်းဆီးခံခဲ့ရမှုနှင့် ဆက်စပ်သည့် အိမ်တွင်းအကြမ်းဖက်မှုနှင့် ငြိမ်ဝပ်ပိပြားရေးကို ပြင်းထန်စွာ နှောင့်ယှက်မှု စွဲချက်များအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီးနောက် အောက်တိုဘာလတွင် ခံဝန်ကတိဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ အပြစ်ဝန်ခံမှုဆိုင်ရာ ညှိနှိုင်းချက် (Plea deal) အရ အစိုးရရှေ့နေများက ၎င်းအပေါ် စွဲဆိုထားသည့် သေနတ်ကိုင်ဆောင်မှု စွဲချက်ကိုမူ ပယ်ဖျက်ပေးခဲ့သည်။

Ref: CBC

မူရင်းသတင်း — Myanmar Transparency News