သက်တံ့
၁၂. ၁၁. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဥဒုံဌာနီ (Udon Thani) မြို့ရှိ နေအိမ်၌ ခင်ပွန်းဖြစ်သူမှာ အခြားအမျိုးသမီးတစ်ဦးနှင့် ဖုန်းဖြင့် လိင်ပိုင်းဆိုင်ရာ ပြောဆိုဆက်ဆံရင်း တစ်ကိုယ်ရေ အာသာဖြေနေသည်ကို တွေ့ရှိရာမှ စကားများရန်ဖြစ်ကာ ခင်ပွန်းဖြစ်သူကို မီးဖိုချောင်သုံးဓားဖြင့် ခုတ်ခဲ့ကြောင်း ထိုင်းအမျိုးသမီးတစ်ဦးက ဝန်ခံခဲ့သည်။
အမ်ဖိုးလမ်း (Amphoe Road) ပေါ်ရှိ အိမ်ရာဝင်းတစ်ခုအတွင်း ဇနီးမောင်နှံနှစ်ဦး စကားများရန်ဖြစ်နေသည်ကို အိမ်နီးချင်းတစ်ဦးက မြင်တွေ့ပြီး အခြေအနေ ပိုမိုဆိုးရွားလာမည်ကို စိုးရိမ်သဖြင့် အကြောင်းကြားခဲ့ရာ မူအန်း ဥဒုံဌာနီ (Mueang Udon Thani) ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာမှ အခင်းဖြစ်စဉ်ကို ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားရာ နေအိမ်တစ်လုံး၏ အပြင်ဘက်မြေပြင်ပေါ်တွင် သွေးကွက်များနှင့် ဆံပင်တစ်ထွေးကို ရဲတပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့သည်။ ညာဘက်လက်ကောက်ဝတ်တွင် အသေးစားဒဏ်ရာ ရရှိထားသည့် အသက် ၄၉ နှစ်အရွယ် ငမ်တာ (Ngamta) အမည်ရှိ အမျိုးသမီးကို အခင်းဖြစ်နေရာ၌ တွေ့ရှိခဲ့ပြီး သူမက အသက် ၆၂ နှစ်အရွယ် ခင်ပွန်းဖြစ်သူ ရော့ဂျ် (Roj) အား တိုက်ခိုက်ခဲ့ကြောင်း ဝန်ခံခဲ့သည်။
သူမနှင့် ရော့ဂျ်တို့သည် အဆိုပါ အိမ်ရာဝင်းအတွင်း ဆောက်လုပ်ရေးလုပ်သားနှင့် အစောင့်အဖြစ် လုပ်ကိုင်နေကြသူများဖြစ်ပြီး အတူနေထိုင်လာသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်း ငမ်တာက ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့သည်။
ရော့ဂျ်သည် ဖုန်းကိုင်၍ အိမ်နောက်ဘက်ရှိ အခန်းထဲသို့ ဝင်သွားချိန်တွင် သံသယဝင်မိသဖြင့် နောက်မှ တိတ်တဆိတ် လိုက်ကြည့်ခဲ့ရာ အမျိုးသမီးတစ်ဦးနှင့် လိင်ပိုင်းဆိုင်ရာ နှိုးဆွသည့် စကားများ ပြောဆိုနေသည်ကို ကြားခဲ့ရကြောင်း သူမက ဆိုသည်။ ထို့ကြောင့် ငမ်တာသည် အခန်းတံခါးကို အတင်းတွန်းဖွင့် ဝင်ရောက်ခဲ့ရာ ခင်ပွန်းဖြစ်သူမှာ ဖုန်းဆက်လက်ပြောဆိုရင်း တစ်ကိုယ်ရေ အာသာဖြေနေသည်ကို တွေ့ရှိခဲ့ရသည်ဟု ထွက်ဆိုသည်။
သူမသည် လုပ်ငန်းစစ်ဆေးရန် အိမ်ရာဝင်းသို့ ရောက်ရှိနေသည့် အလုပ်ရှင်ထံ အကူအညီ တောင်းခံခဲ့သော်လည်း အလုပ်ရှင်က အိမ်တွင်းရေး ပဋိပက္ခသာဖြစ်ကြောင်း ပြောဆိုကာ ကြားဝင်ဖြေရှင်းရန် ငြင်းဆိုခဲ့သည်။

အလုပ်ရှင် ပြန်သွားပြီးနောက် ဇနီးမောင်နှံနှစ်ဦး အချင်းများခဲ့ကြသည်။ အပြန်အလှန် ရန်ဖြစ်စဉ် ရော့ဂျ်က သူမ၏ ဆံပင်ကို ဆွဲခဲ့သဖြင့် မီးဖိုချောင်သုံးဓားကို ဆွဲယူကာ ခင်ပွန်းဖြစ်သူ၏ ဘယ်ဘက်လက်ကို ခုတ်လိုက်ခြင်းဖြစ်ကြောင်း ငမ်တာက ဝန်ခံခဲ့သည်။
DailyNews သတင်းဌာန၏ ဖော်ပြချက်အရ ရော့ဂျ်သည် ရဲတပ်ဖွဲ့ မရောက်မီကတည်းက ဆေးကုသမှုခံယူရန် ဆေးရုံသို့ ထွက်ခွာသွားခဲ့ပြီး ၎င်း၏ ဒဏ်ရာပြင်းထန်မှု အခြေအနေကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။
လင်မယားချင်း အတူမနေဖြစ်သည်မှာ တစ်လကျော် ကြာမြင့်နေပြီဖြစ်သောကြောင့် ခင်ပွန်းဖြစ်သူ ဖောက်ပြန်နေသည်ဟု သံသယရှိနေခဲ့ကြောင်း ငမ်တာက ရဲတပ်ဖွဲ့ကို ပြောပြခဲ့သည်။ သူမအနေဖြင့် ယခုဆက်ဆံရေးကို အဆုံးသတ်လိုပြီး လျော်ကြေးအဖြစ် ဘတ်ငွေ ၃,၀၀၀ တောင်းခံထားကြောင်း သိရသည်။
ရော့ဂျ်ဘက်ကမူ အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ လူသိရှင်ကြား မှတ်ချက်ပေးခြင်း သို့မဟုတ် ရဲတပ်ဖွဲ့ထံ ထွက်ဆိုချက်ပေးခြင်း မရှိသေးဘဲ ဇနီးဖြစ်သူအပေါ် ဥပဒေကြောင်းအရ အရေးယူရန် အစီအစဉ် ရှိ၊ မရှိကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။
Ref: The Thaiger