Kanbawza Tai News

အနောက်ပစိဖိတ်မှာ တရုတ်က စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေဟု ထိုင်ဝမ် ပြော

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်

တရုတ်နိုင်ငံဟာ လေယာဉ်တင်သင်္ဘောတစ်စင်းအပါအဝင် ရေတပ်တပ်ဖွဲ့တွေကို အသုံးပြုပြီး ပစိဖိတ် သမုဒ္ဒရာ အနောက်ပိုင်းမှာ ပြင်ပတပ်ဖွဲ့တွေ ဝင်ရောက်မလာနိုင်အောင် တားဆီးတဲ့ စစ်ရေးလေ့ ကျင့်မှုတွေ ပြုလုပ်နေတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန်ကူးက ဒီကနေ့မှာ ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံဟာ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းကို သူ့ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားပြီး ကျွန်း တစ်ဝိုက်က လေပိုင်နက်နဲ့ ရေပြင်တွေထဲကို တရုတ်စစ်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေ ပုံမှန်စေလွှတ်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကလည်း ထိုင်ဝမ်အနီး၊ တောင်တရုတ်ပင်လယ်နဲ့ ပစိဖိတ်သမုဒ္ဒရာအတွင်း တရုတ်ရေတပ်နဲ့ ကမ်းခြေစောင့်တပ် သင်္ဘော ၁၀၀ ကျော် လှုပ်ရှားနေတဲ့အကြောင်း ထိုင်ဝမ် အမျိုးသားလုံခြုံရေးကောင်စီ အထွေထွေအတွင်းရေးမှူး ဂျိုးဆက်ဝူက လူမှုကွန်ရက် X မှာ ဖော်ပြခဲ့ပါတယ်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကလည်း ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ထိုင်ဝမ်အနီးမှာ တရုတ်လေတပ်လေယာဉ်တွေ ပျံသန်းမှု သိသိသာသာ များလာတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ တရုတ်ဘက်ကတော့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေကြောင်း တရားဝင်ကြေညာထားခြင်း မရှိပါဘူး။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ကူးက ပါလီမန်မှာ သတင်းထောက်တွေကို ပြောရာမှာတော့ တရုတ်နိုင်ငံဟာ လျောင်နင်း လေယာဉ်တင်သင်္ဘောအုပ်စုနဲ့ အခြားရေတပ်စစ်ရေး လေ့ကျင့်ရေး အဖွဲ့တွေကို အသုံးပြုပြီး ပစိဖိတ်အနောက်ပိုင်းမှာ အခုလို စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်ရဲ့ အခုစစ်ရေးလေ့ကျင့်မှုဟာ A2AD လို့ခေါ်တဲ့ ပြင်ပတပ်ဖွဲ့တွေ ဝင်ရောက်စွက်ဖက်မှုကို တားဆီးတဲ့ စစ်ရေး မဟာဗျူဟာနဲ့ ဆက်စပ်နေပါတယ်။ အဓိပ္ပာယ်ကတော့ တရုတ်နဲ့ ထိုင်ဝမ်ကြား စစ်ပွဲဖြစ်လာခဲ့ရင် အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေရဲ့ စစ်တပ်တွေ ထိုင်ဝမ်ဘက်ကို လာရောက် ကူညီနိုင်ခြင်းမရှိအောင် တားဆီးဖို့ ဖြစ်ပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့လကလည်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက လျောင်နင်းလေယာဉ်တင်သင်္ဘောရဲ့ ပစိဖိတ်အနောက်ပိုင်း စစ်ရေးလေ့ကျင့်မှုဟာ နှစ်စဉ်ပုံမှန်ပြုလုပ်နေကျ လေ့ကျင့်မှုဖြစ်ပြီး ရေပြင်ကျယ်အတွင်း ရေရှည်တိုက်ခိုက်နိုင်စွမ်းကို စမ်းသပ်တာသာဖြစ်တယ်လို့ ပြောထားပါတယ်။ ဒါ့အပြင် ဘယ်နိုင်ငံကိုမှ ပစ်မှတ်ထားတာမဟုတ်ဘူးလို့လည်း တရုတ် ဘက်က ဆိုပါတယ်။

တရုတ်ရဲ့ အခုစစ်ရေးလေ့ကျင့်မှုတွေဟာ လာမယ့်သီတင်းပတ်မှာ တရုတ်နိုင်ငံ ရှန်ကျန်းမြို့မှာ ကျင်းပမယ့် APEC ထိပ်သီးအစည်းအဝေးမတိုင်မီ ဖြစ်ပွားလာတာပါ။ အဲဒီအစည်းအဝေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ ထပ်မံတွေ့ဆုံဖို့ ရှိနေပါတယ်။ ဒါ့အပြင် ဒီလကုန်ပိုင်းမှာ ထိုင်ဝမ်ဒေသတွင်း ရွေးကောက်ပွဲတွေ လည်း ကျင်းပဖို့ ရှိပါတယ်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးကတော့ တရုတ်ရဲ့ လှုပ်ရှားမှုတွေကို စစ်တပ်က အနီးကပ်စောင့်ကြည့်နေ တယ်လို့ ပြောပါတယ်။ အခုလို စစ်ရေးအရ ဖိအားပေးမှုတွေဟာ အင်ဒို-ပစိဖိတ်ဒေသရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေဖို့ ရည်ရွယ်တာလို့လည်း သူက သုံးသပ်ပါတယ်။

ထိုင်ဝမ်စစ်တပ်အနေနဲ့ ထောက်လှမ်းရေး၊ စောင့်ကြည့်ရေးနဲ့ ကင်းထောက်ရေးနည်းလမ်းတွေကို ပူးပေါင်းအသုံးပြု သွားမှာဖြစ်သလို မဟာမိတ်နိုင်ငံတွေနဲ့လည်း သတင်းအချက်အလက်တွေ ဖလှယ်ပြီး တရုတ်ရဲ့ လှုပ်ရှားမှုတွေကို ဆက်လက်စောင့်ကြည့်ကာ လိုအပ်သလို တုံ့ပြန်သွားမယ်လို့ ကူးက ပြောပါတယ်။

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို သူ့ရဲ့ထိန်းချုပ်မှုအောက် ပြန်လည်ရောက်ရှိစေဖို့ အင်အားသုံးမယ့်နည်းလမ်းကို ဘယ် တုန်းကမှ ပယ်ချထားခြင်းမရှိပေမဲ့ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးကို ပိုမိုလိုလားတယ်လို့ ပြောဆိုထားပါတယ်။

ထိုင်ဝမ်အစိုးရကတော့ တရုတ်ရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုဆိုင်ရာ ပြောဆိုချက်တွေကို ပယ်ချထားပြီး ထိုင်ဝမ်ရဲ့ အနာဂတ်ကို ထိုင်ဝမ်ပြည်သူတွေသာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ တုံ့ပြန်ထားပါတယ်။

Ref – Reuters

#KBZTai #International #China #Taiwan

မူရင်းသတင်း — Kanbawza Tai News