Kanbawza Tai News

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲအတွက် တိုင်းရင်းသားအကအဖွဲ့များ အစမ်းလေ့ကျင့်

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်

၂၀၂၆ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားများတွင် ကပြဖျော်ဖြေမည့် တိုင်းရင်းသားယဉ်ကျေးမှု အကအဖွဲ့များ အစမ်းလေ့ကျင့်ကပြမှုကို ယနေ့ နိုဝင်ဘာ ၁၃ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားများတွင် ရှမ်းပြည်နယ်တစ်ဝန်းရှိ တိုင်းရင်းသားလူမျိုးများကို ကိုယ်စားပြုသည့် ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ ထနော့၊ လီဆူး၊ ကချင်နှင့် ကိုးကန့် တိုင်းရင်းသားရိုးရာအကအဖွဲ့ ၉ ဖွဲ့အပြင် အခြား တိုင်းရင်းသားရိုးရာ အကအဖွဲ့များ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများက ကပြဖျော်ဖြေ တင်ဆက် သွားမည်ဖြစ်ကြောင်း သိရသည်။

“ရပ်ဝေး၊ ရပ်နီးက ဧည့်သည်တွေအပြင် တခြားဒေသတွေကနေ လာရောက်လည်ပတ်ကြသူတွေအနေနဲ့ အခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို အပန်းဖြေလာရောက်ရင်း တိုင်းရင်းသားတွေရဲ့ ရိုးရာအက ကပြဖျော်ဖြေမှု တွေကို လာရောက်ကြည့်ရှုအားပေးကြဖို့ ဖိတ်ခေါ်လိုပါတယ်” ဟု တောင်ကြီးပညာရေးဒီဂရီကောလိပ်၊ ဂီတအနုပညာ ဌာနမှ အကနည်းပြ ဒေါ်သန္တာထွန်းက ပြောသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲကို နိုဝင်ဘာလ ၁၆ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ရိုးရာမီးပုံးပျံပြိုင်ပွဲ၊ ညလွှတ် မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာလ ၁၆ ရက်မှ ၂၄ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကာ နိုဝင်ဘာ ၂၅ ရက်၊ ညနေ ပိုင်းတွင် ဆုပေးပွဲနှင့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ပိတ်ပွဲအခမ်းအနား ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နေ့လွှတ် အရုပ် မီးပုံးပျံပြိုင်ပွဲများကို ယနေ့ နိုဝင်ဘာ ၁၃ ရက်၊ နေ့လယ်ပိုင်းမှစတင်၍ လွှတ်တင်ယှဉ်ပြိုင်လျက် ရှိကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News