NP News

အိန္ဒိယနိုင်ငံသို့ ပြောင်းတန်ချိန်နှစ်သောင်းတင်ပို့ရန် စီစဉ်သည့်သတင်းကြောင့်ပြောင်းဈေးတက်

ကိုဖြိုး (NP News)-နိုဝင်ဘာ ၁၃
အိန္ဒိယနိုင်ငံသို့ ပြောင်းတန်ချိန် (၂၀,၀၀၀) တင်ပို့ရန် စီစဉ်နေသည်ဆိုသည့် သတင်းနှင့်အတူ ပြည်တွင်း ပြောင်းဈေးမှာ သိသာစွာ ပြန်လည် မြင့်တက်လာသည်။
ဆီထွက်သီးနှံ ဖြစ်သော ပဲပုပ် စိုက်ပျိုးရေးကို တောင်သူများ အားသန်နေသဖြင့် ပြောင်းစိုက်ပျိုးမှု လျော့နည်းနိုင်သည်ဆိုသည့် ခန့်မှန်းချက်များလည်း ရှိနေသည်။
ထို့အပြင် ဖေဖော်ဝါရီလတွင် စတင်မည့် ထိုင်းနိုင်ငံ၏ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်း ဝယ်ယူမှု အလားအလာ ကောင်းများအပေါ် မျှော်လင့်ချက်များနှင့် ပြည်တွင်း မွေးမြူရေး အစာအတွက် ဝယ်လိုအားများက ပြောင်းဈေးအပေါ် သက်ရောက်မှုများ ရှိနေသည်။
ထို့ကြောင့် ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပြောင်းမှာ ပြည်တွင်းဈေးသာမက ပြည်ပသို့ ရောင်းချသည့် FOB ဈေးပါ မြင့်တက်လာသည်။
ပြည်ပသို့ ရောင်းချသည့် ပြောင်း FOB ဈေးမှာ ပြောင်းတစ်တန်လျှင် ဒေါ်လာ (၂၆၅ -၂၇၅) မှ (၂၇၅ -၂၈၅) သို့ ဈေးပြောင်းသွားသည်။
ပြည်တွင်း ပြောင်းဈေးမှာ ရန်ကုန်ဈေးကွက်တွင် ပြောင်းတစ်ပိဿာလျှင် ကျပ် (၁,၆၉၀-၁,၇၁၀) မှ (၁,၈၄၀ - ၁,၈၆၀) သို့ ဈေးပြောင်းသွားသည်။ မန္တလေးဈေးကွက်တွင် ရှမ်းပြောင်းတစ်ပိသာလျှင်ကျပ်(၁၇၁၈)ဖြင့် တစ်တန်လျှင် ကျပ် (၁,၀၃၁,၀၀၀) ကျော် ဈေးဖွင့်သည်။

မူရင်းသတင်း — NP News