Myanmar National Post

စစ်မှုထမ်းကိစ္စအကြောင်းပြ၍ အဂတိလိုက်စားမှုကျူးလွန်နေသော အုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံတို့အား စုံစမ်းစစ်ဆေး၍ ထိရောက်စွာ အရေးယူပေးနိုင်ပါရန်ကိစ္စ တင်ပြတိုင်ကြားခြင်း




နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ အောင်သာအုပ်စု၊ မင်းရေးရွာနေ မောင်ထွန်းထွန်း(ဘ)ဦးဇော်လင်း အား ၆-၃-၂ဝ၂၆ ရက် စွဲပါစာဖြင့် အောင်သာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမောင်မြင့်က မိသားစုကိစ္စဖြေရှင်းရန် ဟူသော စာဖြင့်ဆင့်ခေါ်ခြင်းခံရပါသည်။

အုပ်စုအုပ်ချုပ်ရေးမှူးဦးမောင်မြင့်မှ ဆင့်ခေါ်သဖြင့် မောင်ထွန်းထွန်း ၏ မိခင်ဖြစ်သူ ဒေါ်မာအေး မှ သွားရောက်တွေ့ ဆုံရာတွင် “နင့်သား စစ်မှုထမ်းပါတယ်၊ လယ်ဝေးရုံးသို့သွားမယ်" ဟုပြောပြီး မသွားနိုင်လျှင် ပိုက်ဆံ ကျပ်လေးသိန်း (၄၀၀၀၀၀/-) ထိုငွေလေးသိန်းအား လယ်ဝေးရုံးသို့ သွားသွင်းရမည်ဖြစ်ကြောင်း ထိုငွေသွားသွင်းရန်အတွက် လမ်းစရိတ်အဖြစ် ကျေးရွာအုပ်ချုပ်ရေးမှူးဦးမောင်မြင့်မှ ငွေကျပ် ငါးသောင်း(၅၀၀၀၀/-) ကျေးရွာ တာဝန်ခံမှ ငွေကျပ် ငါးသောင်း (၅၀၀၀၀/-) စုစုပေါင်း ကျပ်တစ်သိန်း(၁၀၀၀၀၀/-) တောင်းခံခဲ့ပါသည်။ ကျေးရွာ အုပ်ချုပ်ရေးမှူးက စစ်မှုလမ်းလာခေါ်တဲ့အခါ "ငါတို့ပြမှသိမှာပါ၊ ငါတို့က ရှောင်ခိုင်း ပေးမယ်” ဟုပြောခဲ့ပါသည်။

၃-၂-၂၀၂၆ ရက်နေ့တွင် စစ်မှုထမ်းရန် အကြောင်းကြားစာဖြင့် မောင်ကျော်ဦး(ဘ)ဦးတင်မြင့် အား ဆင့်ခေါ်ခဲ့ပါသည်။ အုပ်ချုပ်ရေးမှူးထံ မိခင်ဖြစ်သူ ဒေါ်ငယ် က သွားရောက်တွေ့ဆုံရာ စစ်မှုထမ်းအတွက် ငွေသွင်းရမည်ဖြစ်ကြောင်းပြော၍ ငွေကျပ်လေးသိန်း(၄၀၀၀၀၀/-)ကို ၁၃-၂- ၂ဝ၂၆ ရက်နေ့တွင် မင်းရေးကျေးရွာတာဝန်ခံ ဦးနိုင်ဦးအိမ်တွင် သွားရောက်ပေးသွင်းခဲ့သည်။ ထိုသို့ စစ်မှုထမ်းကြေးငွေပေးစဉ် ဦးဝင်းသိန်း လည်းရှိနေပါသည်။ “စစ်မှုထမ်းလာခေါ်တဲ့အခါ ငါတို့ပြမှ သိမှာပါ၊ ကြိုတင်ရှောင်ဖို့ ပြောပေးမယ်" ဟုပြောခဲ့ပါသည်။

၂၂-၈-၂ဝ၂၅ ရက်နေ့တွင် မောင်နိုင်မင်းသူ (ဘ)ဦးထွန်းမြင့် စစ်မှုထမ်းစာကျသဖြင့် ကျေး ရွာအုပ်ချုပ်ရေးမှူးမှ ဆင့်ခေါ်ပြီး လယ်ဝေးမြို့နယ်အထွေအထွေအုပ်ချုပ်ရေးရုံးသို့ မိခင်ဖြစ်သူ ဒေါ်လှနှင်းအေး အား သွားရောက်တွေ့ဆုံခိုင်းသဖြင့် သွားရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံပြီးနောက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှထပ်မံဆင့်ခေါ်၍ စစ်မှုထမ်းမပါရေးအတွက် ငွေ ကျပ် သုံးသိန်း (၃၀၀၀၀၀/-) ပေးနိုင်လျှင် စစ်မှုထမ်းလာခေါ်တဲ့အခါ “ငါတို့ပြမှ သိမှာပါ။ ငါတို့က ရှောင်ခိုင်းပေးမယ်" ဟုပြော၍ ကျေးရွာတာဝန်ခံ ဦးနိုင်ဦးမှတစ်ဆင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမောင်မြင့်ထံသို့ ငွေကျပ် သုံးသိန်း(၃၀၀၀၀၀/-)ပေးခဲ့ရပါသည်။

အောင်သာကျေးရွာနေ ဦးဝင်းအောင်(ဘ)ဦးညီငယ် သည် တောထဲတွင်နေထိုင်သူဖြစ်ပြီး ၎င်း၏ အကွက်ပတ်လည်တွင် တောကျန်များ ဖုန်းဆိုးများရှိပါသည်။ ထိုဖုန်းဆိုးများကို ကျေးရွာတာဝန်ခံ ကိုကျော်မျိုးခိုင်မှ CS နှစ်သုံးဆယ်ဂရန် သစ်တောလုပ်ကိုင်ခွင့်လျှောက်မည်ဟု ပြောဆို ၍ ဦးဝင်းအောင်မှ ပိုက်ဆံ သုံးသိန်း(၃ဝဝဝဝ/-)ပေးနိုင်လျှင် တောကျန်များအား ချန်လှပ်ပေးမည်ဖြစ်ကြောင်း ပြောဆိုရာ ဦးဝင်းအောင်မှဘောကျန်များအားချန်လှပ်ပေးပါဟု ပြော၍ ငိုက်ဆံ ကျပ်သုံးသိန်းအား ဦးဇင်မျိုးဝင်း ရှေ့တွင် ပေးဆောင်ခဲ့ပါသည်။

၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် မောင်သိန်းဌေးအောင် (ဘ) ဦးဝင်းအောင် အား စစ်မှုထမ်း ပါသည်သဖြင့် ဦးဝင်းအောင်နေထိုင်သည့် တဲသို့ ကျေးရွာတာဝန်ခံ ဦးကျော်မျိုးခိုင်မှ "ကျွန် တော့်အိမ်မှာ ရဲတွေရောက်နေပြီ။ ခင်ဗျားသားကို စစ်မှုထမ်းလာခေါ်တာ” ဟုပြောကာ ဦးဝင်းအောင်မှ “ငါ့သားနှင့်ချွေးမတို့သည် တရုတ်ပြည်သို့ အလုပ်လုပ်သွားသဖြင့် ဒီမှာနေထိုင်ခြင်းမရှိ" ဟုပြောဆိုရာ ကျေးရွာတာဝန်ခံမှ ခင်ဗျားသားမရှိလျှင် ကျုပ်ကို ဆီဖိုး ငါးသောင်း(၅ဝဝဝဝ/-) ပေး ဟု တောင်းရာ ဦးဝင်းအောင်သည် တဲနားနီးချင်းတစ်ဦးထံမှ ငွေလေးသောင်း(၄ဝဝဝဝ) ချေး၍ ပေးဆောင်ခဲ့ရပါသည်။ ထိုသို့ပေးဆောင်သည့်အပြင် “ကျွန်တော်ကြက်သားဟင်းစားချင်တယ်” ဟုပြောကာ ကြက်တစ်ကောင်ကိုပါ လေးခွနှင့်ပစ်ယူသွားခဲ့ပါသည်။

အထက်ပါလုပ်ဆောင်ချက်များကို ကျူးလွန်နေသော အောင်သာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်မြင့် နှင့် ကျူးလွန်ရာတွင်ပါဝင်သူ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မင်းရေးရွာတာဝန်ခံ ဦးနိုင်ဦး၊ အောင်သာကျေးရွာတာဝန်ခံ ဦးကျော်မျိုးခိုင် တို့အား စုံစမ်းစစ်ဆေးဖော်ထုတ်၍ ထိရောက်စွာအရေးယူပေးနိုင်ပါရန် တိုင်ကြားအပ်ပါသည်။


တိုင်ကြားသူများ


အထက်ဖော်ပြပါ စာနှင့် ပတ်သက်၍ ခေါ်ယူစစ်မေးပြီး အရေးယူဆောင်ရွက်ခြင်း မရှိသောကြောင့် ထပ်မံတိုင်ကြား -

 ၂ဝ၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့က တင်ပြတိုင်ကြားခြင်းအား အရေးယူ ဆောင်ရွက်ခြင်းမရှိသည့်အပေါ် ပြန်လည်တင်ပြတိုင်ကြားခြင်း

အထက်အကြောင်းအရာပါကိစ္စနှင့် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အောင်သာကျေးရွာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမောင်မြင့်နှင့် မင်းရေးကျေးရွာတာဝန်ခံ ဦးနိုင်ဦး၊ အောင်သာ ကျေးရွာဝန်ခံ ဦးကျော်မျိုးခိုင်တို့ (၃)ဦးအား ၂၉-၆-၂၀၂၆ ရက်နေ့တွင် စစ်မှုထမ်းအကြောင်းပြ၍ အဂတိလိုက်စားမှုကျူးလွန်သဖြင့် စုံစမ်းစစ်ဆေး၍ ထိရောက်စွာ အရေးယူပေးနိုင်ပါရန် ကိစ္စကို တင်ပြတိုင်ကြားစာပေးပို့ခဲ့ပါသည်။

ထိုသို့ တင်ပြတိုင်ကြားစာအပေါ် ယနေ့ထိ ၎င်းတို့(၃)ဦးအား မည်သို့မျှ အရေးယူဆောင် ရွက်မှုရှိသည်ကို တွေ့ရှိရပါသည်။ “ဥပဒေအထက်မည်သူမျှမရှိရ" ဟူသော စာသားနှင့်အညီ ဥပဒေဖောက်ဖျက်ကျူးလွန်းသူများအား ထိရောက်မြန်ဆန်စွာ အရေးယူပေးနိုင်ပါရန် ထပ်မံတင်ပြ တိုင်ကြားအပ်ပါသည်။


#News #Myanmar


မူရင်းသတင်း — Myanmar National Post