NP News

DC Studios ရဲ့အကြီးအကဲရာထူးမှ ဂျိမ်းစ်ဂန်း နုတ်ထွက်၊ မာဗယ်စတူဒီယိုအမှုဆောင်ဟောင်း ဂျယ်ရမီလက်ချမ်က အစားထိုးတာဝန်ယူမည်

ရောင်နီ (NP News) - နိုဝင်ဘာလ ၁၁

DC Studios ရဲ့ပူးတွဲအမှုဆောင် အရာရှိချုပ်တွေဖြစ်တဲ့ ဒါရိုက်တာ ဂျိမ်းစ်ဂန်းနဲ့ ရုပ်ရှင်ထုတ်လုပ်သူ ပီတာ ဆာဖရန်တို့ဟာ ရာထူးမှ နုတ်ထွက်တော့မှာဖြစ်ပြီး ၎င်းတို့ရဲ့နေရာမှာ Marvel Studios အမှုဆောင်ဟောင်း ဂျယ်ရမီ လက်ချမ်က အစားထိုးတာဝန်ယူမယ်လို့ သိရပါတယ်။
လက်ချမ်ဟာ လာမယ့် ဒီဇင်ဘာ (၁) ရက်မှစ DC Studios ရဲ့ဥက္ကဋ္ဌနဲ့ အဓိကဖန်တီးမှုဆိုင်ရာအကြီးအကဲ အဖြစ် တာဝန်ယူသွားမှာဖြစ်ပြီး ရုပ်ရှင်၊ ရုပ်သံဇာတ်လမ်းတွဲနဲ့ ကာတွန်းဇာတ်ကားထုတ်လုပ်ရေးလုပ်ငန်းတွေကို ကြီးကြပ်သွားမယ်လို့ ဆိုပါတယ်။
အခုအပြောင်းအလဲဟာ Skydance က Warner Bros Discovery ကို အမေရိကန်ဒေါ်လာ (၁၁၀) ဘီလျံနဲ့ဝယ်ယူခဲ့ပြီးနောက် Warner Bros အတွင်း ဖြစ်ပေါ်လာတဲ့အကြီးတန်းအမှုဆောင်ရာထူးအပြောင်းအလဲတွေထဲက နောက်ဆုံးတစ်ခုဖြစ်ပါတယ်။ အဆိုပါ ဝယ်ယူမှုကို အောက်တိုဘာ (၆) ရက်မှာ အပြီးသတ်ခဲ့တာဖြစ်ပါတယ်။
ဂျိမ်းစ်ဂန်းနဲ့ ပီတာဆာဖရန်တို့ဟာ ၂၀၂၂ ခုနှစ်က DC Studios ရဲ့ပူးတွဲဥက္ကဋ္ဌတွေအဖြစ် ခန့်အပ်ခံခဲ့ရပြီး Marvel Studios ရဲ့ အောင်မြင်မှုကို အမီလိုက်နိုင်ဖို့ DC ရုပ်ရှင်နဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကို ပြန်လည်တည်ဆောက်ရေးအတွက် ၁၀ နှစ်တာ စီမံကိန်းတစ်ခု ချမှတ်ခဲ့ကြပါတယ်။
၎င်းတို့ရဲ့ဦးဆောင်မှုအောက်မှာ ထုတ်လုပ်ခဲ့တဲ့ Superman ဇာတ်ကားဟာ ကမ္ဘာတစ်ဝန်း လက်မှတ်ရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၆၁၈ သန်းကျော် ရရှိခဲ့ပေမယ့် နောက်ဆက်တွဲ Supergirl ဇာတ်ကားကတော့ ဝင်ငွေမျှော်မှန်းချက်အောက် ကျဆင်းခဲ့ပါတယ်။ မကြာသေးမီက ရုံတင်ခဲ့တဲ့ Clayface ဇာတ်ကားမှာတော့ ကမ္ဘာတစ်ဝန်း ဝင်ငွေ အမေရိကန်ဒေါ်လာ (၁၀၉) သန်းကျော် ရရှိထားပါတယ်။ လက်ချမ် ဟာ Marvel Cinematic Universe ရဲ့ အစောပိုင်းရုပ်ရှင်တွေမှာ ပါဝင်လုပ်ကိုင်ခဲ့သူဖြစ်ပြီး Iron Man၊ The Avengers၊ Spider-Man: Homecoming နဲ့ ဂျိမ်းစ်ဂန်း ရိုက်ကူးခဲ့တဲ့ Guardians of the Galaxy ဇာတ်ကားတွေမှာ အမှုဆောင်ထုတ်လုပ်သူအဖြစ် ပါဝင်ခဲ့ပါတယ်။
ဂျိမ်းစ်ဂန်းနဲ့ ပီတာဆာဖရန်တို့ကတော့ ရာထူးမှ နုတ်ထွက်ပေမယ့်လည်း DC Studios နဲ့ ဆက်လက်ပူးပေါင်းလုပ်ကိုင်သွားမှာဖြစ်ပြီး လက်ရှိထုတ်လုပ်နေတဲ့ Man of Tomorrow၊ The Batman Part II နဲ့ The People vs. Gorilla Grodd စတဲ့ စီမံကိန်းတွေမှာ ပါဝင်သွားမယ်လို့ သိရပါတယ်။ ဂျိမ်းစ်ဂန်းကတော့ ကော်ပိုရိတ်လုပ်ငန်းဆန်တဲ့ အုပ်ချုပ်မှုတာဝန်တွေထက် မိမိနှစ်သက်တဲ့ရုပ်ရှင်ဇာတ်လမ်းတွေ ဖန်တီးရေးနဲ့ ဒါရိုက်တာအလုပ်တွေကို ပြန်လည်အာရုံစိုက်နိုင်တော့မှာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားမိကြောင်း လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — NP News