
သတိုး
၁၃. ၁၁. ၂၀၂၆
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကြီးမှူး၍ FX Market Online Trading Platform တွင် နိုင်ငံတော်၏ အရေးကြီးကုန်စည်များဖြစ်သော စက်သုံးဆီ၊ စားသုံးဆီ၊ ဓာတ်မြေဩဇာနှင့် အခြားကုန်စည်များအတွက် လိုအပ်သော နိုင်ငံခြားငွေများကို နိုင်ငံခြားသုံးငွေများရောင်းဝယ် ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များမှတစ်ဆင့် သွင်းကုန်တင်သွင်းသူ (Importer) များသို့ ရောင်းချပေးလျက်ရှိသည်။
၂၀၂၆ ခုနှစ်၊ ဧပြီလမှ နိုဝင်ဘာလ (၁၃) ရက်နေ့အထိ FX Market Online Trading Platform နှင့် AD လိုင်စင်ရဘဏ်များမှတစ်ဆင့် အမေရိကန်ဒေါ်လာ (၂,၃၂၆.၄) သန်း၊ တရုတ်ယွမ် (၁,၉၄၄.၃) သန်း၊ ထိုင်းဘတ် (၇,၁၁၄.၄) သန်း၊ အိန္ဒိယရူပီး (၈၇.၈) သန်းခန့်တို့အား သွင်းကုန်လုပ်ငန်းရှင်များသို့ ရောင်းချပေးခဲ့ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်လည်း စက်သုံးဆီ၊ စားသုံးဆီ၊ ဓာတ်မြေဩဇာနှင့် အခြားကုန်စည်များ တင်သွင်းရန်အတွက် အမေရိကန် ဒေါ်လာ (၁,၇၆၄.၈) သန်းခန့်အား ရောင်းချပေးခဲ့ပြီးဖြစ်သည်။
သွင်းကုန်လုပ်ငန်းရှင်များအတွက် လိုအပ်သော နိုင်ငံခြားငွေကို အချိန်မီရရှိစေရန်၊ ပြည်ပမှ Supplier များထံ ငွေပေးချေမှုနောက်ကျခြင်းကို လျှော့ချရန်၊ နိုင်ငံခြားငွေကို အမှန်တကယ်လိုအပ်သည့် ကုန်သွယ်မှုလုပ်ငန်းများအတွက် ဦးစားပေးခွဲဝေပေးရန်၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းအတက်အကျအပေါ် ဖိအားမဖြစ်စေဘဲ နိုင်ငံခြားငွေဈေးကွက်ကို တည်ငြိမ်စေရန်တို့အတွက် ကုန်ပစ္စည်းဖိုးပေးချေရာတွင် ကြိုတင်ငွေပေးချေခြင်းကို ခွင့်ပြုပေးသွားမည်ဖြစ်သည်။
ထို့အပြင် ပို့ကုန်လုပ်ငန်းရှင်များအတွက် သွင်းကုန်လိုင်စင် လျှောက်ထားခြင်း၊ ပြည်ပသို့ ငွေပေးချေခြင်းများကို ဆောင်ရွက်ရာတွင် လုံလောက်သည့်အချိန်ရရှိရန်၊ ပို့ကုန်/သွင်းကုန် အတွက် နိုင်ငံခြားငွေလုပ်ငန်းလည်ပတ်မှု အဆင်ပြေချောမွေ့စေရန်နှင့် ကုန်သွယ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်တို့အတွက် ရည်ရွယ်၍ ပို့ကုန်ရငွေအနက်မှ ကိုယ်တိုင်သုံးစွဲနိုင်မည့်ပမာဏကို နိုင်ငံခြားငွေဘဏ်စာရင်းတွင် ထားရှိခွင့်ရက်ပေါင်း (၃၀) အစား (၄၅) ရက် အထိ တိုးမြှင့်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း အသိပေးကြေညာချက်တွင် ဖော်ပြထားသည်။