
ရောင်နီ (NP News) - နိုဝင်ဘာ ၁၃
အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်လာခြင်း၊ အင်ဒိုနီးရှားစတော့ရှယ်ယာတွေ ကမ္ဘာ့အညွှန်းကိန်းတွေမှ ဖယ်ရှားခံရနိုင်တဲ့ အလားအလာတွေကြောင့် အင်ဒိုနီးရှားနိုင်ငံရဲ့ရူပီးယားငွေတန်ဖိုးဟာ နိုဝင်ဘာ (၁၂) ရက်မှာ စံချိန်တင် အနိမ့်ဆုံးအဆင့်ထိ ကျဆင်းခဲ့ပြီး ဗဟိုဘဏ်က ငွေကြေးဈေးကွက်ကို ဝင်ရောက်ထိန်းညှိခဲ့တယ်လို့ သိရပါတယ်။
ရူပီးငွေတန်ဖိုးဟာ အမေရိကန် တစ်ဒေါ်လာကို (၁၈,၂၄၁) ရူပီးယားအထိ ကျဆင်းခဲ့ပြီး ယခင် ဇွန်လ အစောပိုင်းက စံချိန် တစ်ဒေါ်လာ (၁၈,၁၉၀) ရူပီးယားကို ကျော်လွန်ခဲ့ပါတယ်။ ဒါအပြင် အင်ဒိုနီးရှားရဲ့ ၁၀ နှစ်သက်တမ်းရှိ အစိုးရ ငွေချေးစာချုပ် အတိုးနှုန်းဟာလည်း (၇ ဒသမ ၆၆) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။ ရူပီးငွေတန်ဖိုး ကျဆင်းမှုကို ထိန်းချုပ်နိုင်ဖို့ အင်ဒိုနီးရှားဗဟိုဘဏ်က နိုင်ငံခြားငွေ လဲလှယ်ရေး ဈေးကွက်တွေမှာ ဝင်ရောက်ဆောင်ရွက်နေတဲ့အပြင် ဒုတိယဈေးကွက်မှတစ်ဆင့် အစိုးရငွေချေး စာချုပ်တွေကိုလည်း ပြန်လည် ဝယ်ယူနေပါတယ်။
လာမယ့် ဒီဇင်ဘာလမှာ အတိုးနှုန်းတွေ ထပ်မံမြှင့်တင်လာနိုင်တယ်ဆိုတဲ့ဈေးကွက်အတွင်း အမေရိကန်ဗဟိုဘဏ် ရဲ့ခန့်မှန်းမှုတွေကြောင့် အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာနေတာဖြစ်ပါတယ်။ ဒါအပြင် ကမ္ဘာ့စတော့ ဈေးကွက်အညွှန်းကိန်းတွေကို စီမံခန့်ခွဲတဲ့ MSCI က အင်ဒိုနီးရှားနိုင်ငံကို Emerging Market အဆင့်မှ Standalone Market အဆင့်ထိ ပြောင်းလဲသတ်မှတ်ဖို့ အဆိုပြုထားတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေရဲ့ယုံကြည်မှုလည်း ကျဆင်း နေပါတယ်။ အဆင့်လျှော့ချသတ်မှတ်ခံရရင် အင်ဒိုနီးရှားစတော့ရှယ်ယာတွေဟာ MSCI ရဲ့ကမ္ဘာ့အညွှန်းကိန်း တွေမှ ဖယ်ရှားခံရနိုင်ပြီး အဆိုပါအညွှန်းကိန်းတွေကိုအခြေခံပြီး ရင်းနှီးမြှုပ်နှံထားတဲ့ ရန်ပုံငွေတွေကလည်း ရှယ်ယာတွေကို ရောင်းချလာနိုင်ပါတယ်။
Goldman Sachs ရဲ့ခန့်မှန်းချက်အရ အဲဒီအခြေအနေဖြစ်ပေါ်လာရင် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေတွေမှ အမေရိကန်ဒေါ်လာ (၅ ဒသမ ၆) ဘီလျံခန့် ပြန်လည်ထွက်ခွာသွားနိုင်တယ်လို့ ဆိုပါတယ်။ ၂၀၂၆ ခုနှစ် အတွင်းမှာ ရူပီးယားငွေတန်ဖိုးဟာ အမေရိကန်ဒေါ်လာနဲ့ နှိုင်းယှဉ်ရင် (၈) ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး အာရှဒေသအတွင်း တန်ဖိုးအကျဆင်းဆုံး ငွေကြေးဖြစ်လာခဲ့ပါတယ်။
