Eleven Media Group

■ APEC စီးပွားရေးခေါင်းဆောင်များ သီတင်းပတ်အတွက် ရှန်ကျန်းမြို့တွင် အသင့်ပြင်ဆင်ထားမှုနှင့်အတူ ပထမဆုံး သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်

၂၀၂၆ ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေးခေါင်းဆောင်များ သီတင်းပတ် (2026 APEC Economic Leaders' Week) ၏ မီဒီယာစင်တာသည် နိုဝင်ဘာ ၁၄ ရက်က တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် ရှန်ကျန်းမြို့ တွင် ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးကျင်းပမည့် နေရာများနှင့် အဆောက်အအုံ အားလုံး အသင့်ဖြစ်နေပြီဖြစ်ကြောင်း တာဝန်ရှိသူများက ကြေညာခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ တာဝန်ရှိသူများက အစည်းအဝေးခန်းမနေရာများ ပြင်ဆင်ခြင်းအပြင် ရှန်ကျန်းမြို့သည် ဆိပ်ကမ်းနှင့် နယ်စပ်ဝင်ထွက်ပေါက် စစ်ဆေးရေးလုပ်ငန်းများ၊ မြို့ပြစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များနှင့် စေတနာ့ဝန်ထမ်း ဝန်ဆောင်မှုများတွင်လည်း ပံ့ပိုးကူညီရေး လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရှန်ကျန်းမြို့အနေဖြင့် ရေကြောင်း၊ ကုန်းကြောင်း၊ လေကြောင်းနှင့် ရထားလမ်း အဝင်အထွက်အပေါက်များ အားလုံးတွင် အစည်းအဝေး တက်ရောက်မည့် ကိုယ်စားလှယ်များအတွက် သီးသန့်လမ်းကြောင်းများကို စီစဉ်ထားရှိပြီး ဖြစ်သည်။

ထို့ပြင် ဘာသာစကားဆိုင်ရာ ဝန်ဆောင်မှုများ အဆင်ပြေချောမွေ့စေရန်အတွက် မြို့အတွင်းရှိရှိ နေရာပေါင်း ၁၀၀၀၀၀ ကျော်တွင် နိုင်ငံခြားဘာသာစကား လမ်းညွှန်ဆိုင်းဘုတ်များကို စံချိန်စံညွှန်းမီ ပြင်ဆင်ထားရှိပြီး အငှားယာဉ်များတွင်လည်း ဘာသာစကားနှစ်မျိုးဖြင့် အသံလွှင့်ကြေညာပေးသည့် စနစ်များ တပ်ဆင်ထားကြောင်း သတင်းစာရှင်းလင်းပွဲအရ သိရသည်။

မြို့ပြသယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက် အခမ်းအနားကျင်းပနေစဉ် ကာလအတွင်း သဘာဝပတ်ဝန်းကျင်နှင့် လျော်ညီသော ခရီးသွားလာရေး အစီအစဉ်တွင် ပါဝင်ရန် မော်တော်ယာဉ်ပိုင်ရှင် ၁ ဒသမ ၅ သန်းကျော်က မိမိတို့သဘောဆန္ဒအလျောက် စာရင်းပေးသွင်းထားကြသည်။

အချို့သော မြေအောက်ရထားလိုင်းများတွင် ရထားတစ်စင်းနှင့်တစ်စင်းကြား စောင့်ဆိုင်းချိန်ကို နှစ်မိနစ်အထိ လျှော့ချပေးသွားမည်ဖြစ်ပြီး၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး စွမ်းဆောင်ရည်ကို မြှင့်တင်ရန်အတွက် ဘတ်စ်ကားနှင့် မြေအောက်ရထား ချိတ်ဆက်ပြေးဆွဲမည့် လမ်းကြောင်းသစ် ၅၆ ခုကိုလည်း ထပ်မံတိုးချဲ့ထားကြောင်း သတင်းစာရှင်းလင်းပွဲအရ သိရသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ရှန်ကျန်းမြို့က အဓိကကျသော အချက်အချာနေရာအဖြစ် ပါဝင်နေသည့် ကွမ်တုံ-ဟောင်ကောင်-မကာအို မဟာပင်လယ်အော်ဒေသ (GBA) ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကွမ်တုံပြည်နယ်၏ တိုးတက်မှုများကိုလည်း အလေးပေး ဖော်ပြခဲ့သည်။ GBA ဒေသ၏ စီးပွားရေး ထုတ်လုပ်မှုတန်ဖိုးသည် ၂၀၂၅ ခုနှစ်တွင် ယွမ် ၁၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၅ ထရီလီယံခန့်) ကျော်လွန်ခဲ့ပြီး တရုတ်နိုင်ငံ၏ စီးပွားရေးအရ တက်ကြွလှုပ်ရှားမှုအရှိဆုံး ဒေသများထဲမှ တစ်ခု ဖြစ်လာခဲ့သည်။

တရုတ်နိုင်ငံ၏ ပထမဆုံးသော အထူးစီးပွားရေးဇုန်များထဲမှ တစ်ခုဖြစ်သည့် ရှန်ကျန်းမြို့သည် နှစ်ပေါင်း ၄၀ ကျော်ကြာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် ယင်းမြို့၏ ဂျီဒီပီသည် အထူးစီးပွားရေးဇုန် စတင်တည်ထောင်ခဲ့သည့် ၁၉၈၀ ပြည့်နှစ်ကထက် အဆပေါင်း ၁၄၀၀၀ အထိ မြင့်တက်လာခဲ့ပြီး နယ်စပ်မြို့ငယ်လေးတစ်မြို့အဖြစ်မှ နိုင်ငံတကာ မြို့တော်ကြီးတစ်ခုအဖြစ်သို့ အသွင်ပြောင်းလဲလာခဲ့သည်။

၃၃ ကြိမ်မြောက် APEC စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးကို နိုဝင်ဘာလ ၁၈ ရက်မှ ၁၉ ရက်အထိ ရှန်ကျန်းမြို့တွင် ကျင်းပသွားမည် ဖြစ်သည်။ အဆိုပါ အခမ်းအနားအတွက် မီဒီယာစင်တာကို နိုဝင်ဘာ ၁၁ ရက်က ရှန်ကျန်း ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာတွင် ဖွင့်လှစ်ခဲ့သည်။

တိုးဝေဖြိုး၊ မြတ်သက်မှူးကို

မူရင်းသတင်း — Eleven Media Group