
နိုဝင်ဘာ ၁၄ – ၂၀၂၆
SN (VOM)
ရခိုင်ပြည်နယ်အတွင်းက ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ နှစ်ရက်ဆက်တိုက် ဖြစ်ခဲ့ပြီး ၁၂ ယောက်ထက်မနည်း သေဆုံးကာ ဒဏ်ရာရ အများအပြား ရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာနဲ့ သရက်ချိုကျေးရွာကြားရှိ ဗျာလစစ်ရှောင်စခန်းမှာ မနေ့ နိုဝင်ဘာ ၁၃ ရက်၊ ည ၇ နာရီဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့တာမှာ ၁၀ ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
“ဒဏ်ရာရတွေထဲမှာ ပြင်းထန်အဆင့်တွေ တော်တော်များတယ်။ သေဆုံးဦးရေ ထပ်တိုးလာနိုင်တယ်။ လောလောဆယ်တော့ Dead body ၁၀ ယောက် အိတ်တွေထဲ ထည့်ထားပြီးပြီ။ အခြေအနေ အသေးစိတ်ကတော့ ဒီအချိန်မှာ ပြောလို့မရသေးဘူး” လို့ ကူညီပေးနေသူက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့ကလည်း ဆေးပေးခန်း၊ ပန်းနီလာစစ်ရှောင်စခန်းနဲ့ အောင်ဖြူပြင်ကျေးရွာတို့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး နှစ်ယောက် သေဆုံးကာ အယောက် ၂၀ နီးပါး ဒဏ်ရာရခဲ့တဲ့အပြင် ဆေးပေးခန်းနဲ့ ဆေးပစ္စည်းတွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ အောက်တိုဘာလ ၄ ရက်နေ့ကလည်း ဗျာလစစ်ရှောင်စခန်းမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့ပြီး ၁၁ ယောက် သေဆုံးကာ ငါးယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် မြောက်ဦးမြို့နယ်၊ ကြက်ဈေးရပ်ကွက်ရှိ မူလတန်း (လွန်) ကျောင်းမှာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်၊ ည ၈ နာရီ ၄၉ မိနစ်ဝန်းကျင်က လေကြောင်း တိုက်ခိုက်မှုကြောင့် နှစ်ယောက် သေဆုံးကာ ရှစ်ယောက် ဒဏ်ရာရခဲ့တဲ့အပြင် စာသင်ကျောင်းဆောင်နဲ့ သာသနိက အဆောက်အအုံတချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“ကြက်ဈေးကျောင်းမှာရော၊ အဲဒီ အနီးတဝိုက်မှာရော လေကြောင်းတိုက်ခိုက်မှုဖြစ်ခဲ့ဝာာ။ သေဆုံးနှစ်ယောက်က နေရာမှာတင် ပွဲချင်းပြီး ဖြစ်သွားတာ။ ဒဏ်ရာရတွေထဲမှာလည်း နှစ်ယောက်က အသက်အန္တရာယ် စိုးရိမ်ရတဲ့အနေအထားမှာ ရှိတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
အဲဒီ မြောက်ဦးမြို့နယ်မှာပဲ နန်းကျားကျေးရွာမှာ နိုဝင်ဘာ ၅ ရက်နေ့ကလည်း လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့ပြီး တယောက် သေဆုံးကာ ၁၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်၊ ထမ္မရာဇ်ရပ်ကွက်၊ ငွေတောင်ပေါက်အနီးရှိ ယာယီဆေးကုခန်း၊ သားဖွားဆောင်၊ သားဖွားဆေးရုံနဲ့ အနီးဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး ငါးယောက် သေဆုံးကာ ကိုးယောက်ထက်မနည်း ဒဏ်ရာရခဲ့သလို ဆေးခန်းအဆောင်တွေနဲ့ လူနေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Photo – CJ