
ထိုက်စံ (NP News) - နိုဝင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ငွေကျပ်(၂)ဘီလျံတန်ဖိုးရှိ မှုးယစ်ဆေးဝါးများ သိမ်းဆည်းမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့်(နိုဝင်ဘာ ၃ ရက်) ညနေ (၃) နာရီခွဲက သတင်းအရ ကလေးမြို့နယ် ကျီကုန်းရွာအနီးတွင် စိုင်းကိုကို မောင်းနှင်ပြီး လွင်ဖြိုးအောင် လိုက်ပါလာသော NISSAN CONDOR အမျိုးအစားယာဉ်ပေါ်မှ ဘိန်းဖြူ (၂၇ ဒသမ ၇၂) ကီလို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ နိုဝင်ဘာ (၅) ရက်တွင် ဖမ်းဆီးရမိဘိန်းဖြူများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ခုပ်လမ့်ထွန်း (ခ) မောင်လှိုင်အား ကလေးမြို့ ပင်လုံရပ်ကွက်၌ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ သတင်းကွင်းဆက်အရ နိုဝင်ဘာ (၅) ရက် နေ့လည်(၁) နာရီတွင် ကလေးမြို့နယ် ကျီကုန်းရွာအနီး၌ ဇာနည်မိုး (ခ) မိုးအောင် မောင်းနှင်ပြီး အောင်နိုင်မင်း (ခ) မင်းမင်း လိုက်ပါလာသော DONG FENG အမျိုးအစားယာဉ်ပေါ်မှ ဘိန်းဖြူ (၁၁ ဒသမ ၆၆) ကီလို ဖမ်းဆီးရမိပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့တွင် ဘိန်းဖြူများသယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ မောင်လှ (ခ) သော့ပြောင်းအားလည်းကောင်း၊ နိုဝင်ဘာ (၆) ရက်တွင် ဘိန်းဖြူများ သယ်ဆောင်ခိုင်းသူ ဇော်ဝင်းမောင် (ခ) မောင်ပိန်အားလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်းဘိန်းဖြူ (၃၉ ဒသမ ၃၈)ကီလိုကို ဖမ်းဆီးရမိခဲ့ကာ ငွေကျပ် (၂ ဒသမ ၈၁၈၆၄) တန်ဖိုးရှိကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်များအရ အဆိုပါဘိန်းဖြူများ၏ ပိုင်ရှင်ဖြစ်သူမှာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်နေ ဖမ်းဆီးရန်ကျန်ရှိသူများ ဖြစ်သည့် အားပီး (ခ) အပိ ဖြစ်ပြီး နေလင်းထိုက် (ခ) ငပိကောင်၊ ဟိန်းမိုးအောင်တို့သည် ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ကလေးမြို့သို့ သယ်ဆောင်ကာ ၎င်းမှတစ်ဆင့် ချင်းပြည်နယ် တီးတိန်မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသူများကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိကာ ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။