
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ကံသာရပ်ကွက်တွင် လျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွားစွာဖြစ်ပေါ်နေပြီး ဒေသခံများ အခက်အခဲဖြစ်ပေါ်နေရသည်ဟု သိရသည်။
ကံသာရပ်ကွက်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက ထုတ်ပြန်ထားသည့် အလှည့်ကျမီးပေးစနစ်အပြင် ရပ်ကွက်အတွင်း ထပ်မံ၍ အလှည့်ကျစနစ် ပြုလုပ်ပြီး ဓာတ်အားပေးနေသဖြင့် လျှပ်စစ်မီးရရှိချိန် နည်းပါးနေခြင်း ဖြစ်ကြောင်း သိရသည်။
“မီးက ပုံမှန်မလာဘူး။ အရမ်းပျက်တယ်။ ရပ်ကွက်ထဲမှာကို အပေါ်ပိုင်း၊ အောက်ပိုင်း ခွဲခြားပြီး ပေးနေတယ်။ EPC က ဖြတ်တာ တစ်ခါ၊ ရပ်ကွက်က ဖြတ်တာ တစ်ခါနဲ့ဆိုတော့ အဆင်မပြေဘူး။ အခုလို ပျက်နေတာ တစ်လလောက် ရှိပါပြီ။ တစ်ရက်ခြားလာတယ်။ တစ်နေကုန် ပျက်တဲ့ရက်တွေလည်း ရှိပါတယ်။ ကျောင်းသားတွေ ရှိတော့ ချက်ပြုတ် ရတာလည်း အဆင်မပြေဘူး” ဟု တောင်ကြီးမြို့၊ ကံသာရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးခရိုင်လျှပ်စစ်အင်ဂျင်နီယာမှူးရုံးမှ တာဝန်ရှိသူအား ဆက်သွယ်မေးမြန်း ရာတွင် ကံသာရပ်ကွက်ရှိ ထရန်စဖော်မာ ချို့ယွင်းနေသည့်အတွက် ဓာတ်အားဖြန့်ဖြူးနိုင်မှု နည်းပါးနေခြင်းဖြစ်ပြီး ကုမ္ပဏီမှ ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိကာ မကြာမီ ပုံမှန်အတိုင်း လျှပ်စစ်မီး ပြန်လည်ရရှိမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
ယင်းကဲ့သို့ လျှပ်စစ်မီး ရရှိချိန် နည်းပါးနေသော်လည်း မီတာခမှာ လစဉ် ၅ သောင်းကျော်မှ တစ်သိန်းကျော်အထိ ပေးဆောင်နေရကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
ကံသာရပ်ကွက်အပြင် တောင်ကြီးမြို့ပေါ် ရပ်ကွက်အချို့တွင်လည်း ယင်းကဲ့သို့ လျှပ်စစ်မီးပြတ်တောက်ချိန် များပြား နေပြီး ဒေသခံများ အခက်အခဲဖြစ်ပေါ်နေရသည်ဟု သိရသည်။