Myanmar National Post

ရွှေမော်ဓောစေတီတော် ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်း အောင်ပွဲ အခမ်းအနားသို့ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး တက်ရောက် ဖူးမြှော်ကြည်ညို ပူဇော်











နေပြည်တော်၊ နိုဝင်ဘာ ၁၄

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတိုသည် ယနေ့နံနက် ပိုင်းတွင်ကျင်းပပြုလုပ်သည့် ပဲခူးမြို့ရှိ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရွှေစင်ရွှေသား ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ခြင်း အောင်ပွဲ အထိမ်းအမှတ် ရေစက်ချကုသိုလ်တော် မဟာမင်္ဂလာအခမ်းအနားသို့ တက်ရောက်၍ စေတီတော်မြတ်ကြီးကို ဖူးမြှော်ကြည်ညို ပူဇော်ခဲ့ကြပါသည်။

ဦးစွာ နိုင်ငံတော်သမ္မတနှင့် ဇနီးတိုသည် စေတီတော်မြတ်ကြီး မြောက်ဘက်အာရုံခံ တန်ဆောင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြှော်ကြည်ညိုပြီး ဆွမ်းတော်၊ ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူပူဇော်ခဲ့ကြပါသည်။ ထို့နောက် ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ခြင်းနှင့် အရှေ့ဘက်အာရုံခံ တန်ဆောင်း ပြန်လည်မွမ်းမံတည်ဆောက်ခြင်းလုပ်ငန်းများ အောင်မြင်ပြီးစီးမှု အထိမ်းအမှတ်ပုံတော်များနှင့် လှူဖွယ်ပစ္စည်းများကို ဆရာတော်ကြီးများထံ ဆက်ကပ် လှူဒါန်းခဲ့ကြပြီး ရှစ်ပါးသီလခံယူ ဆောက်တည်ကာ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်းကာ လူနတ်ဗြဟ္မာ သတ္တဝါအားလုံးကို အမျှပေးဝေခဲ့ကြသည်။ 

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတိုသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး အလှူရှင်များနှင့်အတူ သံဃာတော် အပါး ၉၀၀ နှင့် သီလရှင်အပါး ၁၀၀ တို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြသည်။ ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ခြင်းနှင့် အရှေ့ဘက်အာရုံခံတန်ဆောင်း ပြန်လည် မွမ်းမံတည်ဆောက်ခြင်းလုပ်ငန်းများကို နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ ဦးဆောင်၍ အလှူရှင်ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post