Myanmar Digital News

အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသည့် ဒုတိယအကြိမ် အာဆီယံအမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များအစည်းအဝေးသို့ တက်ရောက်


နေပြည်တော် နိုဝင်ဘာ ၁၄

 

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မစ္စတာ အက်ဒွါဒို ဆန်လိုရန်ဇို အိုဘန် ဂျူနီယာ၏ ဖိတ်ကြားချက်အရ ဒုတိယအကြိမ် အာဆီယံအမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များ အစည်းအဝေးသို့ တက်ရောက်ရန် နိုဝင်ဘာ ၁၁ ရက်မှ ၁၄ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ သွားရောက်ခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် မနီလာမြို့ Marriott Hotel ၌ ကျင်းပပြုလုပ်သော ဒုတိယအကြိမ် အာဆီယံအမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များ အစည်းအဝေးသို့ တက်ရောက်ခဲ့ရာ အစည်းအဝေးတွင် သဘာပတိဖြစ်သူ ဖိလစ်ပိုင်နိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်က အမှာစကားပြောကြားခဲ့သည်။

 

အစည်းအဝေး၌ နိုင်ငံအလိုက် အလှည့်ကျဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးသည် ဒေသတွင်း လုံခြုံရေးနယ်ပယ်ဆိုင်ရာ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများ၊ မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုများအကြား ဖြစ်ပေါ်လာနိုင်သည့် ဒေသတွင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံဖြတ်ကျော်မှုခင်းများ ဆိုင်ရာခြိမ်းခြောက်မှုများ၊ ဆိုက်ဘာခြိမ်းခြောက်မှုများ၊ ရာသီဥတုပြောင်းလဲမှုနှင့်ဆက်စပ်၍ ဖြစ်ပေါ်လာသည့် သက်ရောက်မှုများအပေါ် ကာကွယ်/ ကုစားရေးဆိုင်ရာကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့် နောင်ကျင်းပမည့် အစည်းအဝေးဆိုင်ရာကိစ္စရပ်များအပေါ် အာဆီယံနိုင်ငံများမှ တက်ရောက်လာကြသည့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များ၊ ကိုယ်စားလှယ်များနှင့်အတူ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မနီလာမြို့ Marriott Hotel ၌ အိမ်ရှင်ဖိလစ်ပိုင်နိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

 

ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်

 

ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် နိုဝင်ဘာ ၁၂ ရက်တွင် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ ဒုတိယအတွင်းရေးမှူးချုပ် မစ္စတာ ဝရနွတ် ခုံမွမ့်နှင့်လည်းကောင်း၊ ဖိလစ်ပိုင်နိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မစ္စတာ အက်ဒွါဒို ဆန်လိုရန်ဇို အိုဘန် ဂျူနီယာနှင့်လည်းကောင်း တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ သတင်းအချက်အလက် အပြန်အလှန် မျှဝေရေးဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှ ပြန်လည်ထွက်ခွာခဲ့ရာ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News