
နေပြည်တော် နိုဝင်ဘာ ၁၄
၂ဝ၂၇ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ဥတ္တရသီရိမြို့နယ် အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ဦးစွာ ဥတ္တရသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်ဆွေက ၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အချိန်ပိုသင်ကြားမှုအစီအစဉ်နှင့် စခန်းသွင်းလေ့ကျင့်မည့်အစီအစဉ်အတွက် အုပ်ချုပ်ထောက်ပံ့မှုပိုင်းဆိုင်ရာကိစ္စရပ်များ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ငြိမ်းငြိမ်းဌေးက ၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး အချိန်ပိုသင်ကြားမှုအစီအစဉ်နှင့် စခန်းသွင်းလေ့ကျင့်မည့် အစီအစဉ်အတွက် သင်ကြားရေးပိုင်းဆိုင်ရာကိစ္စရပ်များ တင်ပြပြီး ဘာသာရပ်သင် ဆရာ ဆရာမများက ၎င်းတို့၏ သက်ဆိုင်ရာဘာသာရပ်အလိုက် ဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မှာ ကျောင်းအုပ်ကြီး၏ဦးဆောင် စည်းရုံးနိုင်မှု၊ ဆရာ ဆရာမများ ပြည့်စုံလုံလောက်မှု၊ ၎င်းဆရာ ဆရာမများ၏အရည်အချင်း၊ ဘာသာရပ် ကျွမ်းကျင်ပိုင်နိုင်မှု၊ စေတနာထားသင်ကြားပေးမှု၊ ကျောင်းသား ကျောင်းသူများ၏ အခြေခံအရည်အသွေးနှင့် ကြိုးစားအားထုတ်မှု၊ မိဘများ၏ အားပေးမှု၊ တာဝန်ရှိသူအဆင့်ဆင့်၏ ကြီးကြပ်ပံ့ပိုးမှုအပေါ် မူတည်ကြောင်း၊ ကျောင်းသား ကျောင်းသူတစ်ဦးချင်းစီ၏ ပညာရေးအခြေအနေကို စနစ်တကျစိစစ်၍ အောင်နိုင်ခြေရှိသူ၊ အားနည်းသူနှင့် ဂုဏ်ထူးမျှော်မှန်းနိုင်သူများ ခွဲခြားသတ်မှတ်စေလိုကြောင်း၊ ဘာသာရပ်အလိုက် သင်ကြားရေးအစီအစဉ်၊ စာမေးပွဲဖြေဆို လေ့ကျင့်ရေးအစီအစဉ်နှင့် တိုးတက်မှုစစ်ဆေးရေး အစီအစဉ်များ ရေးဆွဲအကောင်အထည်ဖော်စေလိုကြောင်း ပြောကြားသည်။
ထို့ပြင် တက်ရောက်လာကြသူများက ၂ဝ၂၇ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အတွက် ဆောင်ရွက်ချက်များကို တင်ပြဆွေးနွေးခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားပြီး အချိန်ပိုသင်ကြားမှုအစီအစဉ်အတွက် ပြင်ဆင်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)