
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်
ဗြိတိန်နိုင်ငံရှိ RAF Lakenheath အမေရိကန်လေတပ်စခန်းမှာ သောကြာနေ့ညက ခွင့်ပြုချက်မရှိတဲ့ ဒရုန်းပျံသန်းမှု သံသယရှိတာကြောင့် အမေရိကန်လေတပ် လုံခြုံရေးတပ်ဖွဲ့တွေက တုံ့ပြန်ခဲ့ပါတယ်။ လူ၊ လေယာဉ်နဲ့ အဆောက်အအုံ တွေ ထိခိုက်မှုမရှိခဲ့ဘဲ အခြေအနေကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမေရိကန် လေတပ်နဲ့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဌာနတို့က ပြောပါတယ်။
အမေရိကန်လေတပ်က ဗြိတိန်ဘက်က သက်ဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အမေရိကန် စစ်ဘက်ဝန်ထမ်းတွေ၊ အရပ်သားတွေ၊ ကန်ထရိုက်တာတွေနဲ့ မိသားစုတွေရဲ့ လုံခြုံရေးအတွက် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
အခုဖြစ်စဉ်ဟာ ဗြိတိန်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းတွေနဲ့ ပတ်သက်ပြီး လုံခြုံရေးစိုးရိမ်မှုတွေ မြင့်တက်နေချိန်မှာ ဖြစ်ပွားခဲ့တာပါ။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်က RAF Fairford စခန်းအနီးကို လူတစ်စုက ညအချိန်မှာ အဖြူရောင် ဗန်ကားတွေနဲ့ ရောက်ရှိလာပြီးနောက် အမေရိကန်က လုံခြုံရေးအကြောင်းပြချက်နဲ့ အီရန်ကို တိုက်ခိုက်ရာမှာ အသုံးပြု ခဲ့တဲ့ ဗုံးကျဲလေယာဉ်တွေကို ဗြိတိန်ကနေ ပြန်ရွှေ့ခဲ့ပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လူနှစ်ဦးကို ပြီးခဲ့တဲ့လမှာ တရားစွဲဆိုခဲ့ပြီး တစ်ဦးဟာ ဗြိတိန်နိုင်ငံအတွင်း အီရန် ထောက်လှမ်းရေးကို ကူညီဖို့ ကြိုးပမ်းခဲ့တယ်လို့ တရားစွဲဆိုသူတွေက စွပ်စွဲထားပါတယ်။ အမေရိကန်တရားရေးဌာန ကလည်း အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့ဝင်တစ်ဦးဟာ RAF Fairford ကို တိုက်ခိုက်ဖို့ ကြံစည် ခဲ့တယ်လို့ ယခုသီတင်းပတ်အတွင်း ပြောထားပါတယ်။
ဗြိတိန်ပြည်တွင်းထောက်လှမ်းရေးအကြီးအကဲကလည်း အောက်တိုဘာလမှာ အီရန်ဟာ ဗြိတိန်ရှိ စစ်ဘက်ဆိုင်ရာ နေရာတွေလို ပိုမိုအရေးကြီးတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ကြိုးပမ်းမှုတွေ တိုးမြှင့်လာတယ်လို့ ပြောခဲ့ပါတယ်။ အီရန်ကတော့ RAF Fairford ဖြစ်စဉ်အပါအဝင် ဗြိတိန်အတွင်း မသမာတဲ့လုပ်ရပ်တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပယ်ချထားပါတယ်။
Ref – Reuters