Myanmar Digital News

အမှိုက်မှ စွမ်းအင်သို့ … ကမ္ဘာ့မြို့ကြီးများ၏ အတွေ့အကြုံ

ဝေဖြိုးအောင်

 

အဆိုပါရိုးရာအမှိုက်စွန့်ပစ်မှုစနစ်များ၏ ဆိုးကျိုးများသည် မျက်မှောက်ခေတ်တွင် ပိုမိုသိသာထင်ရှားလာခဲ့သည်။ အထူးသဖြင့် မြို့ပြမြေနေရာများ တန်ဖိုးမြင့်မားလာချိန်တွင် ဧကရာနှင့်ချီသော မြေနေရာများကို အမှိုက်ပုံများအဖြစ် အသုံးပြုရခြင်းသည် စီးပွားရေးအရ လွန်စွာနစ်နာလှပါသည်။ ထို့ပြင် အမှိုက်ပုံများမှ ထွက်ပေါ်လာသော အနံ့ဆိုးများနှင့် ရောဂါပိုးမွှားသယ်ဆောင်သည့် အင်းဆက်၊ ကြွက်စသည်တို့ကြောင့် အနီးဝန်းကျင်ရှိ ပြည်သူများ၏ ကျန်းမာရေးကို ပြင်းထန်စွာထိခိုက်စေပါသည်။ မြေအောက်ရေကြောများထဲသို့ အမှိုက်စိမ့်ရည်များ ဝင်ရောက်ပါက ရေရှည်ဖြေရှင်း၍မရသော သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို ဖြစ်ပေါ်စေပါသည်။

 

ထို့ကြောင့် ခေတ်မီမြို့ကြီးပြကြီးများတွင် အမှိုက်ကို ရိုးရှင်းစွာစွန့်ပစ်မည့်အစား စွမ်းအင်အဖြစ် ပြောင်းလဲထုတ်လုပ်သည့် Waste to Energy (WtE) နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါသည်။ နည်းပညာနှင့်သိပ္ပံပညာရပ်များ၏ တိုးတက်မှုကြောင့် WtE စက်ရုံများသည် ယခင်ခေတ်များကဲ့သို့ မီးရှို့စက်ရုံသက်သက်မဟုတ်တော့ဘဲ အဆင့်မြင့်စွမ်းအင်ထုတ်လုပ်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အခြေခံအဆောက်အအုံများအဖြစ် အသွင်ပြောင်းလာခဲ့သည်။

 

အမှိုက်မှ စွမ်းအင်သို့ နည်းပညာသည် အမှိုက်ပမာဏကို ၉၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပြီး လျှပ်စစ်နှင့် အပူစွမ်းအင်ကိုပါ ထုတ်လုပ်ပေးနိုင်သောကြောင့် မြို့ပြသန့်ရှင်းရေး၊ ပြည်သူ့ကျန်းမာရေးနှင့် စွမ်းအင်ဖူလုံရေးတို့ကို တစ်ပြိုင်နက်တည်း ဖြေရှင်းပေးနိုင်သော မဟာဗျူဟာမြောက် နည်းလမ်းတစ်ခုဖြစ်လာပါသည်။

 

အမှိုက်မှ စွမ်းအင်သို့နည်းပညာ၏ ကောင်းကျိုးများနှင့် အကျိုးသက်ရောက်မှုများ

 

အမှိုက်မှ စွမ်းအင်သို့ နည်းပညာကို အသုံးပြုခြင်းဖြင့် မြို့ပြစီမံခန့်ခွဲမှု၊ ပြည်သူ့ကျန်းမာရေးနှင့် နိုင်ငံ့စီးပွားရေးကဏ္ဍများတွင် များစွာသောအကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။ ဤကောင်းကျိုးများကို အောက်ပါအတိုင်း ကဏ္ဍအလိုက် အသေးစိတ် ခွဲခြားသုံးသပ်နိုင်ပါသည် -

 

မြေနေရာဖူလုံစေခြင်းနှင့် မြို့ပြစီမံကိန်းဆိုင်ရာ ကောင်းကျိုးများ

 

အမှိုက်မှ စွမ်းအင်သို့ နည်းပညာသည် မူလအမှိုက်၏ ထုထည်ပမာဏကို ၉၀ ရာခိုင်နှုန်းအထိလည်းကောင်း၊ အလေးချိန်ကို ၇၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိလည်းကောင်း သိသာစွာလျှော့ချပေးနိုင်ပါသည်။ ဤသို့ လျှော့ချနိုင်ခြင်းကြောင့် လက်ရှိအသုံးပြုနေသော မြေမြှုပ်အမှိုက်ပုံများ၏ သက်တမ်းကို ဆယ်စုနှစ်များစွာ ဆွဲဆန့်ပေးနိုင်ပါသည်။ မြို့ပြများ ဖွံ့ဖြိုးလာသည်နှင့်အမျှ မြေနေရာသည် အလွန်တန်ဖိုးကြီးမားသော အရင်းအမြစ်တစ်ခုဖြစ်လာပါသည်။

 

ဧရာမအမှိုက်ပုံကြီးများအတွက် မြေနေရာများစွာ ဖယ်ထားရခြင်းကို အမှိုက်မှစွမ်းအင်သို့ နည်းပညာဖြင့် အစားထိုးခြင်းဖြင့် အဆိုပါမြေနေရာများကို လူနေအိမ်ရာများ၊ စီးပွားရေးဇုန်များ သို့မဟုတ် ပြည်သူ့ပန်းခြံများအဖြစ် ပြန်လည်အသုံးချနိုင်စေပါသည်။ ခေတ်မီအမှိုက်မှ စွမ်းအင်သို့ နည်းပညာစက်ရုံများသည် စမတ်စီးတီးစီမံကိန်းများ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်လာသည်။ ဉာဏ်ရည်တုနှင့် အာရုံခံကိရိယာများကို အသုံးပြု၍ အမှိုက်စုဆောင်းမှု၊ မီးရှို့မှုလုပ်ငန်းစဉ်နှင့် စွမ်းအင်ထုတ်လုပ်မှုတို့ကို အလိုအလျောက်စနစ်ဖြင့် ထိန်းချုပ်နိုင်ကာ မြို့ပြစီမံခန့်ခွဲမှုကို ပိုမိုချောမွေ့စေပါသည်။

 

ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြသန့်ရှင်းရေးဆိုင်ရာ ကောင်းကျိုးများ

 

ရိုးရာအမှိုက်ပုံများသည် ကြွက်၊ ယင်၊ ခြင်နှင့် တခြားသောရောဂါပိုးမွှားသယ်ဆောင်သည့် သတ္တဝါများပေါက်ပွားရာ အသိုက်အမြုံကြီးများဖြစ်သည်။ အမှိုက်မှ စွမ်းအင်စက်ရုံများက အမှိုက်များ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် မီးရှို့ဖျက်ဆီးလိုက်သောကြောင့် ကာလဝမ်းရောဂါ၊ သွေးလွန်တုပ်ကွေး၊ ငှက်ဖျားနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများပြန့်ပွားမှုကို သိသာစွာတားဆီးပေးနိုင်ပြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု ကုန်ကျစရိတ်များကို များစွာသက်သာစေပါသည်။ အမှိုက်မှ စွမ်းအင်သို့ နည်းပညာစက်ရုံများသည် လေဖိအားအနုတ်စနစ်ဖြင့် လည်ပတ်ထားသောကြောင့် အမှိုက်များမှ ထွက်ပေါ်လာသော အနံ့ဆိုးများက ပြင်ပလေထုထဲသို့ လုံးဝမပျံ့နှံ့နိုင်ပါ။ အဆိုပါအနံ့ဆိုး ပါဝင်သောလေများကို မီးဖိုထဲသို့ လေဝင်ပေါက်များအဖြစ် ပြန်လည်စုပ်ယူအသုံးပြုသောကြောင့် အနံ့အသက်ကင်းစင်ပြီး မြို့ပြအင်္ဂါရပ်ကို ပိုမိုလှပစေပါသည်။

 

အပူချိန် ၈၅၀ မှ ၁၀၀၀ ဒီဂရီစင်တီဂရိတ်အထက်တွင် လည်ပတ်သောကြောင့် ဆေးရုံသုံးအမှိုက်များ၊ ရောဂါပိုးမွှားများနှင့် အချို့သောအန္တရာယ်ရှိ ဓာတုစွန့်ပစ်ပစ္စည်းများကို ဘေးကင်းစွာ အပြည့်အဝဖျက်ဆီးနိုင်ပါသည်။ ယင်းသည် ပြည်သူ့ကျန်းမာရေးဌာနများအတွက် အလွန်အားထားရသော အားသာချက်တစ်ခုဖြစ်သည်။ အမှိုက်ပုံများမှ စိမ့်ထွက်လာသော အမှိုက်စိမ့်ရည်တွင် အဆိပ်သင့်ဓာတုပစ္စည်းများနှင့် လေးလံသတ္တုများပါဝင်ပြီး မြေအောက်ရေကြောများကို ဆိုးရွားစွာညစ်ညမ်းစေသည်။ အမှိုက်မှစွမ်းအင်သို့ နည်းပညာသည် အမှိုက်များကို ပြာအဖြစ် ပြောင်းလဲလိုက်သဖြင့် ဤရေဆိုးထွက်ရှိမှုပြဿနာကို အမြစ်ပြတ်ဖြေရှင်းပေးနိုင်ပါသည်။

 

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကောင်းကျိုးများ

 

အမှိုက်ပုံများတွင် အော်ဂဲနစ်အမှိုက်များ ဆွေးမြည့်ရာမှ ကာဗွန်ဒိုင်အောက်ဆိုက်ထက် ၂၅ ဆ မှ အဆ ၈၀ ခန့် ပိုမိုပြင်းထန်သော မီသိန်း (Methane - CH4) ဓာတ်ငွေ့များ ထွက်ပေါ်ပါသည်။ အမှိုက်မှ စွမ်းအင်သို့ နည်းပညာသည် အမှိုက်များကို လောင်ကျွမ်းစေခြင်းဖြင့် မီသိန်းဓာတ်ငွေ့ထွက်ပေါ်မှုကို တားဆီးနိုင်ရုံသာမက လျှပ်စစ်ထုတ်လုပ်ပေးသဖြင့် ရုပ်ကြွင်းလောင်စာ (ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့) သုံးစွဲမှုကို အစားထိုးနိုင်ကာ ရာသီဥတုပြောင်းလဲမှုကို လျော့ပါးသက်သာစေပါသည်။ ခေတ်မီအမှိုက်မှ စွမ်းအင်စက်ရုံများသည် ရိုးရာ မီးရှို့စက်များနှင့်မတူဘဲ အဆင့်မြင့်သော လေထုသန့်စင်ရေးစနစ်များကို တပ်ဆင်ထားသည်။

 

ထို့ကြောင့် ပြင်ပသို့ ထုတ်လွှတ်လိုက်သော မီးခိုးငွေ့သည် နိုင်ငံတကာသဘာဝပတ်ဝန်းကျင် စံချိန်စံညွှန်းများထက်ပင် ပိုမိုသန့်စင်နေလေ့ရှိသည်။

 

စီးပွားရေး၊ စွမ်းအင်ဖူလုံရေးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ ကောင်းကျိုးများ

 

နေရောင်ခြည်နှင့် လေစွမ်းအင်ကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များသည် ရာသီဥတုအခြေအနေအပေါ် မှီခိုနေရသဖြင့် အချိန်ပြည့် လျှပ်စစ်မထုတ်ပေးနိုင်ပါ။ သို့သော်အမှိုက်မှစွမ်းအင် စက်ရုံများသည် နေ့ရောညပါ ၂၄ နာရီပတ်လုံးလည်ပတ်နိုင်ပြီး တည်ငြိမ်သော အခြေခံလျှပ်စစ်ဓာတ်အားကို ပေးစွမ်းနိုင်သည်။ နိုင်ငံတစ်နိုင်ငံ၏ လျှပ်စစ်လိုအပ်ချက်ကို ပြည်ပမှတင်သွင်းရသော ရုပ်ကြွင်းလောင်စာများအပေါ် မှီခိုနေရခြင်းထက် ပြည်တွင်းမှမဖြစ်မနေထွက်ရှိနေသော အမှိုက်များကိုအသုံးပြု၍ လျှပ်စစ်ထုတ်လုပ်ခြင်းသည် နိုင်ငံ၏စွမ်းအင်လုံခြုံရေးနှင့် အမျိုးသားကာကွယ်ရေးမဟာဗျူဟာအတွက် အလွန်အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်သည်။

 

အမှိုက်မှ စွမ်းအင်စက်ရုံတည်ဆောက်ခြင်း၊ လည်ပတ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် အမှိုက်စုဆောင်းခြင်း ကွင်းဆက်တစ်လျှောက်တွင် အင်ဂျင်နီယာများ၊ ကျွမ်းကျင်လုပ်သားများနှင့် အခြေခံလုပ်သားများအတွက် အရည်အသွေးမြင့် အလုပ်အကိုင်ပေါင်းများစွာကို တိုက်ရိုက်ရောသွယ်ဝိုက်၍ပါ ဖန်တီးပေးနိုင်ပါသည်။

 

အမှိုက်များကို မီးရှို့ပြီးနောက် ကျန်ရှိနေသော အောက်ခံပြာများထဲမှ သံလိုက်နှင့် အခြားခွဲခြားရေး စက်များအသုံးပြု၍ သံ၊ ကြေးနီ၊ အလူမီနီယံ စသည့်သတ္တုများကို ပြန်လည်ထုတ်ယူကာ စက်မှုကုန်ကြမ်းအဖြစ် ပြန်လည်ရောင်းချနိုင်ပါသည်။ အေးချမ်းသောရာသီဥတုရှိသည့် နိုင်ငံများတွင် လျှပ်စစ်ထုတ်လုပ်ပြီး ကျန်ရှိသောအပူငွေ့ကို မြို့ပြများရှိ နေအိမ်များသို့ ရေနွေးပိုက်လိုင်းများဖြင့် ပေးပို့ကာ အပူပေးစနစ်အဖြစ်ပါ အကျိုးရှိရှိအသုံးပြုနိုင်ကြသည်။

 

အမှိုက်မှစွမ်းအင်သို့ နည်းပညာအမျိုးအစားများ အသေးစိတ်လေ့လာချက်

 

အမှိုက်မှ စွမ်းအင်ထုတ်လုပ်ရာတွင် အသုံးပြုသော နည်းပညာများကို အမှိုက်၏သဘောသဘာဝ၊ ရင်းနှီးမြှုပ်နှံနိုင်စွမ်းနှင့် မြို့ပြ၏လိုအပ်ချက်များအပေါ်မူတည်၍ အောက်ပါအတိုင်း ခွဲခြားအသုံးပြုနိုင်ပါသည် -

 

အပူပေးလောင်ကျွမ်းစေခြင်း

 

ဤနည်းပညာသည် ကမ္ဘာပေါ်တွင် အသုံးအများဆုံး အမှိုက်မှစွမ်းအင်သို့ နည်းပညာဖြစ်သည်။ ဝင်ရောက်လာသောအမှိုက်များကို ကြိုတင်ခွဲခြားမှု အနည်းငယ်သာပြုလုပ်ပြီး (သို့မဟုတ်) လုံးဝမပြုလုပ်ဘဲ ဧရာမမီးဖိုကြီးများထဲသို့ တိုက်ရိုက်ထည့်သွင်း မီးရှို့သည့်စနစ်ဖြစ်သည်။ အမှိုက်များကို အပူချိန် ၈၅၀ မှ ၁၀၀၀ ဒီဂရီစင်တီဂရိတ်အထိ မီးရှို့ပြီး ထွက်ပေါ်လာသော အပူဖြင့် ရေနွေးငွေ့ထုတ်ကာ တာဘိုင်များကို လည်ပတ်စေခြင်းဖြင့် လျှပ်စစ်စွမ်းအင်ထုတ်လုပ်သည်။ ခေတ်မီ Incinerator များတွင် Moving Grate စနစ်ကို အသုံးပြုထားသဖြင့် အမှိုက်များကို မီးဖိုထဲတွင်ရွေ့လျားစေပြီး အပြည့်အဝလောင်ကျွမ်းစေရန် ဖန်တီးထားသည်။ ဤနည်းပညာသည် စိုစွတ်မှုနည်းပါးပြီး ကယ်လိုရီတန်ဖိုးမြင့်မားသော အမှိုက်များအတွက် အသင့်တော်ဆုံးဖြစ်သည်။

 

ဓာတ်ငွေ့ပြောင်းလဲခြင်းနှင့် Pyrolysis

 

ဓာတ်ငွေ့ပြောင်းလဲခြင်း (Gasification) နှင့် Pyrolysis နည်းပညာသည် အောက်ဆီဂျင်မပါဝင်ဘဲ သို့မဟုတ် အနည်းငယ်သာပါဝင်သောအခြေအနေတွင် အလွန်မြင့်မားသောအပူချိန်ဖြင့် အမှိုက်များကို ဖြိုခွဲကာ Syngas (Synthesis Gas) ဟုခေါ်သော လောင်ကျွမ်းနိုင်သည့် ဓာတ်ငွေ့ထုတ်လုပ်သော နည်းပညာများဖြစ်သည်။ Syngas တွင် အဓိကအားဖြင့် ကာဗွန်မိုနောက်ဆိုက် (CO) နှင့် ဟိုက်ဒရိုဂျင် (H2) တို့ပါဝင်သည်။ ဤဓာတ်ငွေ့ကို သန့်စင်ပြီးနောက် ဓာတ်ငွေ့တာဘိုင်များ သို့မဟုတ် ဓာတ်ငွေ့အင်ဂျင်များတွင်အသုံးပြု၍ လျှပ်စစ်ထုတ်လုပ်နိုင်သည်။ ဤနည်းစနစ်သည် ရိုးရိုးမီးရှို့ခြင်းထက် ပိုမိုသန့်စင်သော်လည်း ကုန်ကျစရိတ်ပိုမိုကြီးမားပြီး နည်းပညာပိုင်းဆိုင်ရာ ရှုပ်ထွေးမှုများစွာရှိပါသည်။

 

ဇီဝနည်းဖြင့် ဆွေးမြည့်စေခြင်း

 

ဇီဝနည်းဖြင့် ဆွေးမြည့်စေခြင်း (Anaerobic Digestion - AD) နည်းပညာသည် အစားအသောက် စွန့်ပစ်ပစ္စည်းများနှင့် စိုစွတ်သောအမှိုက်များအတွက် အသင့်တော်ဆုံးဖြစ်သည်။ လေမဲ့အခြေအနေတွင် ဗက်တီးရီးယားများဖြင့် ဆွေးမြည့်စေပြီး ဇီဝဓာတ်ငွေ့ (Biogas - Methane) ထုတ်လုပ်ကာ လျှပ်စစ်နှင့် ဓာတ်မြေဩဇာရယူသည်။ အာရှနိုင်ငံအများစုတွင်ထွက်ရှိသော မြို့ပြအမှိုက်များ၌ စားကြွင်းစားကျန်နှင့် ရေဓာတ်ပါဝင်မှုအလွန်မြင့်မားသဖြင့် မီးရှို့စက်ရုံများထက်စာလျှင် ဤ AD နည်းပညာက ပိုမိုသင့်လျော်မှုရှိနိုင်ပါသည်။ ထွက်ရှိလာသော ဇီဝဓာတ်ငွေ့ကိုသန့်စင်ပြီး ယာဉ်များတွင် လောင်စာအဖြစ် အသုံးပြုခြင်း သို့မဟုတ် လျှပ်စစ်ထုတ်လုပ်ရာတွင် အသုံးပြုနိုင်ပြီး ကျန်ရှိသောအနှစ်များကို စိုက်ပျိုးရေးသုံး သဘာဝမြေဩဇာအဖြစ် ပြန်လည်အသုံးချနိုင်ပါသည်။

 

အမှိုက်ပုံမှ ဓာတ်ငွေ့ထုတ်ယူခြင်း

 

အမှိုက်ပုံမှ ဓာတ်ငွေ့ထုတ်ယူခြင်း (Landfill Gas Recovery) နည်းပညာသည် လက်ရှိအသုံးပြုနေသော သို့မဟုတ် ပိတ်သိမ်းထားသော အမှိုက်ပုံကြီးများမှ ထွက်ပေါ်လာသော မီသိန်းဓာတ်ငွေ့ကို စုစည်းစုပ်ယူပြီး စွမ်းအင်အဖြစ် အသုံးပြုခြင်းဖြစ်သည်။ အမှိုက်ပုံထဲသို့ ပိုက်လိုင်းများထိုးသွင်းကာ စုဆောင်းရရှိသော ဓာတ်ငွေ့များကို သန့်စင်ပြီးနောက် လျှပ်စစ်ဓာတ်အားပေးစက်များ မောင်းနှင်ရာတွင်အသုံးပြုသည်။ ယင်းသည် လက်ရှိရှိပြီးသား အမှိုက်ပုံကြီးများမှ ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ပေါ်မှုကိုတားဆီးရန် အထိရောက်ဆုံး ကနဦးလုပ်ငန်းစဉ်တစ်ခုဖြစ်သည်။

 

ကမ္ဘာ့မြို့ကြီးများ၏ အမှိုက်မှ စွမ်းအင်သို့ နည်းပညာအတွေ့အကြုံနှင့် စီမံခန့်ခွဲမှုပုံစံများ

 

ကမ္ဘာ့ထိပ်တန်းမြို့ကြီးများသည် ယင်းတို့၏ မြို့ပြအုပ်ချုပ်ရေး၊ အခြေခံအဆောက်အအုံနှင့် ပြည်သူ့ကျန်းမာရေးမူဝါဒများအပေါ်မူတည်၍ မတူညီသောအမှိုက်မှ စွမ်းအင်စနစ်များကို အကောင်အထည်ဖော်လျက်ရှိသည်။ မြို့ကြီးများ၏ အောင်မြင်မှုများကို လေ့လာခြင်းဖြင့် မြို့ပြစီမံခန့်ခွဲသူများအတွက် အဖိုးတန်သင်ခန်းစာများ ရရှိနိုင်ပါသည်။

 

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့

 

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ Mapo Resource Recovery Facility သည် အမှိုက်ပြဿနာကို အခွင့်အလမ်းအဖြစ် ပြောင်းလဲနိုင်ခဲ့သော အကောင်းဆုံးသာဓကတစ်ခုဖြစ်သည်။ ယခင်က ဧရာမအမှိုက်ပုံကြီးဖြစ်ခဲ့သော Nanjido နေရာကို ဂေဟစနစ်နှင့်ညီညွတ်သည့် World Cup Park ပန်းခြံအဖြစ် အံ့မခန်းပြောင်းလဲတည်ဆောက်ခဲ့ပြီး အဆိုပါအမှိုက်မှ စွမ်းအင်စက်ရုံမှထွက်ရှိသော အပူစွမ်းအင်ကို အနီးအနားရှိ လူနေအိမ်ရာများအတွက် အပူပေးစနစ်အဖြစ် ဖြန့်ဝေပေးပါသည်။ တောင်ကိုရီးယား၏ တိကျသောအမှိုက်စွန့်ပစ်ခ ကောက်ခံမှုစနစ်ကြောင့် ပြည်သူများသည် အမှိုက်ကို စနစ်တကျ ခွဲခြားစွန့်ပစ်လာကြပြီး စက်ရုံ၏လည်ပတ်မှုစွမ်းဆောင်ရည်မှာ အလွန်မြင့်မားလျက်ရှိပါသည်။

 

တရုတ်နိုင်ငံ ရှန်းကျန့်မြို့

 

တရုတ်နိုင်ငံ၏ နည်းပညာမြို့တော်ရှန်းကျန့်တွင် ကမ္ဘာ့အကြီးဆုံးဖြစ်လာမည့် Shenzhen East WtE Plant ကို တည်ဆောက်လျက်ရှိသည်။ တစ်ရက်လျှင် အမှိုက်တန်ချိန် ၅၀၀၀ အထိ မီးရှို့နိုင်မည်ဖြစ်ပြီး မြို့တော်၏အမှိုက်ပြဿနာကို ကြီးမားစွာဖြေရှင်းပေးနိုင်မည်ဖြစ်သည်။ စက်ရုံ၏ အမိုးတစ်ခုလုံးကို နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများ (၄၄၀၀၀ စတုရန်းမီတာ) ခင်းကျင်းထားပြီး အမှိုက်မှသာမက နေရောင်မှပါ စွမ်းအင်ထုတ်လုပ်မည့် အဆင့်မြင့်ဒီဇိုင်းဖြစ်သည်။ ဤစက်ရုံသည် စက်ရုံသက်သက်သာမက အများပြည်သူလာရောက်လေ့လာနိုင်သည့် ပညာပေးစင်တာတစ်ခုအဖြစ်ပါ ဆွဲဆောင်မှုရှိအောင် တည်ဆောက်ထားသည်။

 

(ဆက်လက်ဖော်ပြပါမည်)

မူရင်းသတင်း — Myanmar Digital News