၁၆.၁၁.၂၀၂၆
Translated by Htwe Ko Tun
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်၊ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့နှင့်အတူ ရှန်ကျန်းမြို့၌ ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေး၏ ဘေးထွက်အစီအစဉ်တစ်ခုအဖြစ် နိုဝင်ဘာလ ၁၉ ရက်တွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၆ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တစ်ခု၌ ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံတောင်ပိုင်း၊ ရှန်ကျန်းမြို့၌ ကျင်းပမည့် အဆိုပါသမိုင်းဝင် အစည်းအဝေးတွင် မည်သည့်အကြောင်းအရာများကို ဆွေးနွေးကြမည်ဆိုသည့် အသေးစိတ်အချက်အလက်များကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
အဆိုပါ အစည်းအဝေးသည် နိုဝင်ဘာလ ၁၈ ရက်နှင့် နိုဝင်ဘာလ ၁၉ ရက်တို့တွင် ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး၏ ဘေးထွက်အစီအစဉ်တစ်ခုအဖြစ် ဖြစ်လာဖွယ်ရှိသည်။
ရုရှားအစိုးရနှင့် အမေရိကန်အစိုးရတို့က ဤသုံးပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပမည့်အကြောင်း အတည်ပြုထားပြီး ဖြစ်သည်။
ထရမ့်ပ်အနေဖြင့် နျူကလီးယားလက်နက်များ လျှော့ချရေးနှင့် ပတ်သက်၍ ဆွေးနွေးလိုသလို၊ အီရန်နှင့် ပတ်သက်သည့် စစ်ရေးကိစ္စကိုလည်း ထည့်သွင်းပြောဆိုဖွယ်ရှိသည်။ သို့သော် ယူကရိန်းနိုင်ငံအတွင်း ရုရှား၏ စစ်ပွဲနှင့် ပတ်သက်၍မူ ဆွေးနွေးလိမ့်မည်ဟု မမျှော်လင့်ရကြောင်း အမေရိကန် အရာရှိများက ပြောကြားသည်။
ယူကရိန်းအရေးကိုပါ ထည့်သွင်းဆွေးနွေးမည့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲ အကြံပြုချက် ပေါ်ပေါက်လာချိန်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က “စိတ်အနှောင့်အယှက် ဖြစ်ဟန်” ပြသခဲ့ကြောင်း ဂျာမနီသမ္မတ ဖရန့်ခ်-ဝေါလ်တာ စတိုင်းမိုင်ယာက ပြောကြားခဲ့သည်။
၎င်းက ဤကိစ္စသည် ဥရောပဆိုင်ရာ ပဋိပက္ခတစ်ခုဖြစ်ပြီး ဥရောပသားများလည်း ဆွေးနွေးပွဲတွင် ပါဝင်သင့်ကြောင်း ရှင်းရှင်းလင်းလင်း ထောက်ပြပြောဆိုခဲ့ကြောင်း စတိုင်းမိုင်ယာက ARD သတင်းဌာနသို့ ပြောကြားခဲ့သည်။
နျူကလီးယားလက်နက် ဖျက်သိမ်းရေးနှင့် ပတ်သက်၍၊ တရုတ်နိုင်ငံက ၎င်းတို့ပိုင် နျူကလီးယားလက်နက်များအကြောင်း ဆွေးနွေးရန် သဘောမတူမီ အမေရိကန်နှင့် ရုရှားတို့အနေဖြင့် ၎င်းတို့၏ ကြီးမားလှသော နျူကလီးယားလက်နက် အင်အားကို ဦးစွာ လျှော့ချသင့်ကြောင်း ကြာမြင့်စွာကတည်းက တောင်းဆိုထားခဲ့သည်။
Ref: AFP