
ကားထုတ်လုပ်သူ အများစုသည် EV နှင့် Hybrid များဘက်သို့ ဦးတည်နေကြချိန်တွင် အမေရိကန်ပြည်၊ ယူတားပြည်နယ်၊ ပရိုဗိုမြို့ရှိ Brigham Young တက္ကသိုလ် (BYU) မှ အင်ဂျင်နီယာကျောင်းသားတစ်စုက အင်ဂျင် (ICE) များကို ဆီစားသက်သာအောင် မည်မျှလုပ်ဆောင်နိုင်ကြောင်း တီထွင်စမ်းသပ်ပြခဲ့သည်။
BYU အင်ဂျင်နီယာကျောင်းသားတို့က နှစ်စဉ်ကျင်းပသော Shell Eco-Marathon ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် Supermileage ဟု အမည်ပေးထားသော သုံးဘီးကားကို တီထွင်ခဲ့ကြသည်။ ၎င်းတို့၏ Supermileage ကားသည် ဆီတစ်ဂါလံလျှင် ၂,၁၄၅ မိုင် (2,145 mpg) အထိ မောင်းနှင်ပြကာ စံချိန်တင်ခဲ့သည်။
((မှတ်ချက်။ Shell Eco-Marathon ပြိုင်ပွဲဆိုသည်မှာ စွမ်းအင်သုံးစွဲမှု အနည်းဆုံး မော်တော်ကားများ တီထွင်ထုတ်လုပ်မှု ပြိုင်ပွဲဖြစ်ပြီး ဆီစားနှုန်း (သို့မဟုတ်) စွမ်းအင်သုံးစွဲမှု အနည်းဆုံးကားကို ရွေးချယ်ဆုချီးမြှင့်သည်။ ကမ္ဘာ့နိုင်ငံပေါင်း ၅၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်လေ့ရှိသည့် ကမ္ဘာလုံးဆိုင်ရာ ပြိုင်ပွဲကြီး ဖြစ်သည်။
တနိုင်ငံ၊ တမြို့တည်းတွင် ကျင်းပခြင်းမဟုတ်ဘဲ အမေရိက၊ ဥရောပ၊ အာဖရိက၊ အာရှ အစရှိသဖြင့် ကမ္ဘာတဝန်းတွင် ကျင်းပသည်။ အာရှ-ပစိဖိတ်တွင် ကျင်းပခဲ့သည့် ပြိုင်ပွဲ၌ မြန်မာ အင်ဂျင်နီယာတက္ကသိုလ် ကျောင်းသားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသည်။)
ထိုသို့ စွမ်းဆောင်နိုင်ရန်အတွက် သမားရိုးကျကားများတွင် ပါဝင်သည့် အစိတ်အပိုင်းအများစုကို ချန်လှပ်ပစ်ခဲ့ပြီး အလွန်ပေါ့ပါးကျစ်လျစ်ကာ လေခွင်းအားကောင်းမွန်မည့် ဒီဇိုင်းကို ဦးစားပေးခဲ့သည်။
ကိုယ်ထည်ကို ကာဗွန်ဖိုက်ဘာဖြင့် တည်ဆောက်ထားပြီး အလေးချိန်မှာ ၁၀၈ ပေါင် (၄၉ ကီလိုဂရမ်) သာ ရှိသည်။
မောင်းနှင်ရမည့် ယာဉ်မောင်းသူ၏ အရပ်နှင့် ကိုယ်အလေးချိန်မှာလည်း ကန့်သတ်မှုရှိသည်။
ယာဉ်မောင်းခန်းမှာလည်း တစ်ဦးတည်းအတွက်သာ နေရာရှိသည်။
ယာဉ်မောင်းသူမှာ အရပ်အမြင့်ဆုံး အရပ် ၅ ပေ ၄ လက်မ၊ ကိုယ်အလေးချိန် ၁၁၉ မှ ၁၂၀ ပေါင် (၅၄ ကီလိုဂရမ်) ထက် မပိုသူသာ မောင်းနှင်နိုင်မည် ဖြစ်သည်။
Supermileage ၏ ဆီတိုင်ကီမှာလည်း သမားရိုးကျ ကားများ၏ ဆီတိုင်ကီမျိုး မဟုတ်။ အရွယ်အစားအားဖြင့် ဓာတ်ခွဲခန်းသုံး စမ်းသပ်ဖန်ပြွန်ထက် အနည်းငယ်သာ ပိုကြီးပြီး ဆီပမာဏအားဖြင့် ၃၀ မီလီလီတာ (၁ အောင်စ) သာ ဆန့်သည်။
((မှတ်ချက်။ မြန်မာအချင်အတွယ်စနစ်အရဆိုရင် ဆီ ၁ ကျပ်ခွဲသားခန့်သာဖြစ်ပြီး လဖက်ရည်ဇွန်း ၆ ဇွန်းပမာဏခန့်သာ ဖြစ်သည်။))
အသုံးပြုသည့် လောင်စာဆီ အမျိုးအစားမှာ အီသနော (Ethanol) လောင်စာ ဖြစ်သည်။
ထိုဆီဘူးလေးသည် တဘူးလျှင် မိုင် ၂၀ ခန့်သာ မောင်းနှင်နိုင်ပြီး မိုင် ၂၀ မောင်းပြီးတိုင်း ဆီပြန်ဖြည့်နေရရာ နေ့စဉ်သွားလာရေးအတွက် တီထွင်စမ်းသပ်ခြင်း မဟုတ်ချေ။
Indianapolis Motor Speedway ကားကွင်းတွင် ၁၀ မိုင် စမ်းသပ်မောင်းနှင် ပြိုင်ပွဲဝင်ခဲ့သလိုမျိုး စမ်းသပ်ရန်အတွက်သာ ရည်ရွယ်တည်ဆောက်ထားခြင်း ဖြစ်သည်။
တစ်ဂါလံ ၂,၁၄၅ မိုင်နှုန်း မောင်းနိုင်သည်ဆိုသဖြင့် ထိုကားသည် သီအိုရီအရဆိုလျှင် မြန်မာနိုင်ငံ မြစ်ကြီးနားမြို့မှ ကော့သောင်းအထိ အသွားအပြန်ခရီး (မိုင် ၃၅၀၀ ခန့်) ကို ဆီ ၁ ဂါလံခွဲသာ ကုန်ကျမည် ဖြစ်သည်။
သို့သော် လက်တွေ့တွင်မူ ယခုကားဖြင့် ထိုမျှကွာဝေးသည့် ခရီးရှည်ကြီးသွားမည်ဆိုလျှင် အလွန်ပင်ပန်းဆင်းရဲမည် ဖြစ်သည်။
Supermileage ၏ အမြင့်ဆုံး မြန်နှုန်းမှာ တစ်နာရီ ၂၃ မိုင် (၃၇ ကီလိုမီတာ) နှုန်းသာ ရှိသည်။ ဆီဘူးမှာလည်း အလွန်သေးငယ်လှရာ မကြာခဏ ကားရပ်ကာ ဆီဖြည့်ရမည် ဖြစ်သည်။ ထို့အပြင် လေဆန် (သို့မဟုတ်) ဘေးတိုက်လေ အနည်းငယ် ရင်ဆိုင်ရရုံဖြင့် မောင်းနိုင်မည့် range ကျဆင်းသွားနိုင်သည်။
Supermileage ကို လက်တွေ့ထုတ်လုပ် ဖြန့်ချိမည့် ကားအဖြစ် ရည်ရွယ်ခဲ့ခြင်း မဟုတ်သော်လည်း ကားအလေးချိန်ကို အဆုံးစွန်လျှော့ချကာ လေခွင်းအားကောင်းစေရန် အသားပေးတည်ဆောက်ပါက လောင်စာဆီတစ်စက်ချင်း၏ အသုံးဝင်မှုကို မည်မျှ ကြီးမားစွာအသုံးချနိုင်ကြောင်း မီးမောင်းထိုးပြသလိုက်ခြင်း ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: American Students Built A 2,145 MPG Car, Assuming You're Under 120 Pounds (carscoops)