Eleven Media Group

ကျိုက်ထိုဘူတာတွင် စတင်ထွက်ခွာနေသည့် ရထားပေါ်သို့ အမျိုးသမီးတစ်ဦး ပြေးတက်စဉ် ‌စင်္ကြံ နှင့် ရထားတွဲကြား ခြေချော်ကျရာမှ ရထားကြိတ်ခံရပြီး သေဆုံး

မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ထိုဘူတာတွင် စတင်ထွက်ခွာနေသည့် ရထားပေါ်သို့ အမျိုးသမီးတစ်ဦး ပြေးတက် စဉ် ‌စင်္ကြံနှင့် ရထားတွဲကြား ခြေချော်ကျရာမှ ရထားကြိတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၅ ရက် နံနက် ၁၁ နာရီ ၃၅ မိနစ်ခန့်က မော်လမြိုင်-ရန်ကုန် အမှတ် (၈၂) အစုန် လူစီးအမြန်ရထားက ကျိုက်ထိုဘူတာမှ သိမ်ဇရပ်ဘူတာဘက်သို့ စတင်တွက်ခွာချိန်တွင် အမျိုးသမီးတစ်ဦးက ရထားပေါ်ပြေးတက်စဉ် စင်္ကြ ံနှင့် ရထား၏ ရိုးရိုးတန်းတွဲအမှတ် (၆) တွဲကြားသို့ ခြေချော်ကျရာမှ ရထားကြိတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်သည်။

"ရထားအကြိတ်ခံရပြီး သေဆုံးခဲ့သူက ကျိုက်ထိုမြို့၊ ဇေယျာမွန်ရပ်ကွက်နေ နိဗ္ဗာန်လမ်းမှာနေတဲ့ အသက် ၅၅ နှစ်အရွယ် ဒေါ်ရီဌေးလို့ သိရပါတယ်" ဟု ကျိုက်ထိုမြို့ခံတစ်ဦးက ပြောကြားသည်။

ရထားကြိတ်ခံရသည့် ဒေါ်ရီဌေးမှာ ဘယ်ဘက်ဒူးခေါင်း ပြတ်ထွက်ဒဏ်ရာ၊ ဘယ်နားထင်ပွန်းပဲ့ဒဏ်ရာ၊ နဖူးပွန်းပဲ့ဒဏ်ရာ၊ ဘယ်လက်မောင်းပွန်းပဲ့ဒဏ်ရာ၊ ဘယ်ချိုစောင်း ပြတ်ရှဒဏ်ရာ၊ ယာတံတောင်ဆစ် ပွန်းပဲ့ဒဏ်ရာ၊ ဘယ်တံတောင်ဆစ်ကျိုး ဒဏ်ရာများရရှိပြီး သေဆုံးခဲ့သည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

ရထားလုံခြုံရေးအဖွဲ့နှင့် မီးရထားဝန်ထမ်းများက ၎င်းအား ရထားအောက်မှဆွဲထုတ်၍ ပဒုမ္မာလူမှုကူညီရေးအသင်းကားဖြင့် ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဉ်ကြောင့် မော်လမြိုင်-ရန်ကုန် အမှတ် (၈၂) အစုန် လူစီးအမြန်ရထားမှာ နာရီဝက်ခန့်နောက်ကျပြီးမှ ကျိုက်ထိုဘူတာမှ သိမ်ဇရပ်ဘူတာဘက်သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။

Photo Credit - CJ

မူရင်းသတင်း — Eleven Media Group