
ရောင်ဝါ
၁၆. ၁၁. ၂၀၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်ပွား၍ ဆိုင်ကယ်စီးနင်းသူ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ နေပြည်တော်-ရန်ကုန်လမ်းပိုင်း မိုင်တိုင်အမှတ် ၁၅၂ မိုင် ၀ ဖာလုံနှင့် ၁ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဇီးပင်သာအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နေပြည်တော်မှ ရန်ကုန်မြို့ဘက်သို့ တောင်ငူမြို့နယ်၊ ထန်းတောကျေးရွာနေ ဦးသန်းဝင်း(၆၉)နှစ်သည် မော်တော်ဆိုင်ကယ်များ တက်ရောက်မောင်းနှင်ခွင့်မရှိသော အမြန် လမ်းမကြီးပေါ်သို့ BGO/85W-XXXX DAYANG-110 အမျိုးအစား မော်တော်ဆိုင်ကယ်အား မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ မော်တော်ဆိုင်ကယ်လက်ကိုင်ယိုင်သွားစဉ် လားရာတူနောက်မှ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ သနပ်ပင်ဆိပ်ကျေးရွာနေ ဦးခေါင်စိုး(၃၂)နှစ် မောင်းနှင်လာသည့် MGY-10/4L-XXXX HIJET အမျိုးအစား မော်တော်ယာဉ်မှ ဝင်ရောက်တိုက်မိခဲ့ပြီး ဦးသန်းဝင်းတွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုဖြစ်စဥ်ကြောင့် အမြန်လမ်းမကြီးပေါ်သို့ တက်ရောက် မောင်းနှင်ခွင့်မရှိဘဲ မော်တော်ဆိုင်ကယ်တက်ရောက်မောင်းနှင်ခဲ့သူ သန်းဝင်း အား ဇီးပင်သာအမြန် လမ်းမကြီးရဲစခန်း ယာဉ်(ပ)၁၀/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။