၁၆.၁၁.၂၀၂၆.
Translated by Htwe Ko Tun
အမေဇုံကုမ္ပဏီ၏ ဂြိုဟ်တုအလုံး ၄၀ ကို ကမ္ဘာပတ်လမ်းကြောင်းအတွင်း လွှတ်တင်ရန်အတွက် အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်မှ နိုဝင်ဘာလ ၁၅ ရက်တွင် ပစ်လွှတ်ခဲ့သော ဘိုးရင်း ကုမ္ပဏီနှင့် လော့ခ်ဟိဒ် မာတင် ကုမ္ပဏီတို့၏ ဗာလ်ကန် (Vulcan) ဒုံးပျံတစ်စင်းမှာ လွှတ်တင်ပြီး ၁၀ မိနစ်ခန့် အကြာတွင် မူမမှန်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး၊ ပျံသန်းနေစဉ်မှာပင် မအောင်မြင်ဘဲ ပျက်စီးခဲ့ကြောင်း သိရသည်။
ဂြိုဟ်တုအလုံး ၄၀ ကို သတ်မှတ်ထားသည့်အတိုင်း ကမ္ဘာပတ်လမ်းကြောင်းနိမ့် ပတ်လမ်းကြောင်းသို့ ပို့ဆောင်ပေးနိုင်ခြင်း မရှိခဲ့ပေ။ ၎င်းက ကုမ္ပဏီ၏ သမိုင်းတစ်လျှောက် ဆောင်ရွက်မှုမစ်ရှင်တစ်ခုလုံး လုံးဝကျရှုံးခဲ့သည့် ပထမဆုံးအကြိမ် ဖြစ်သည်။
ဘိုးရင်းကုမ္ပဏီနှင့် လော့ခ်ဟိဒ် မာတင်တို့ ပူးပေါင်းတည်ထောင်ထားသော United Launch Alliance (ULA) ဖက်စပ်ကုမ္ပဏီက လည်ပတ်သော ဗာလ်ကန် ဒုံးပျံက ကာနာဗီရယ်လ် အငူရှိ Cape Canaveral အာကာသတပ်စခန်းမှ ပျံတက်ပြီး ၁၀ မိနစ်ခန့်အကြာတွင် ချို့ယွင်းမှုဖြစ်ပွားခဲ့ရခြင်းလည်း ဖြစ်သည်။ ဤဖြစ်ရပ်ကြောင့် ဒုံးပျံပေါ်တွင် တင်ဆောင်လာသော အမေဇုံကုမ္ပဏီ၏ အင်တာနက်ဂြိုဟ်တုအလုံး ၄၀ စလုံး ဆုံးရှုံးခဲ့ရပြီး၊ ၎င်းက ကုမ္ပဏီအတွက် ပထမဆုံးသော ကျရှုံးမှု ဖြစ်လာခဲ့သည်။
“ကျွန်ုပ်တို့၏ လွှတ်တင်ရေးထံမှ ရရှိသည့် အချက်အလက်များအရ Space Launch Complex 41 မှ လွှတ်တင်လိုက်သော ဗာလ်ကန် ဒုံးပျံသည် ပျံသန်းမှု ၁၀ မိနစ်အကြာတွင် မူမမှန်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အမေဇုံ၏ ဂြိုဟ်တုများကို သတ်မှတ်ပတ်လမ်းကြောင်းသို့ ပို့ဆောင်ပေးနိုင်ခြင်း မရှိကြောင်း အတည်ပြုပါသည်” ဟု ULA က ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။
ဖြစ်ပွားရသည့် အကြောင်းရင်း အတိအကျကိုမူ ချက်ချင်း မသိရှိရသေးပေ။
“ပျံသန်းမှုတိုင်းက အချက်အလက်တွေကို ဖန်တီးပေးသလို၊ ပျံသန်းမှုတိုင်းကနေလည်း တစ်ခုခု သင်ယူရရှိနိုင်ပါတယ်။ မူမမှန်မှုက အခုမှ ဖြစ်ပွားခဲ့တာဖြစ်လို့ ဒီနေ့ ဘာတွေဖြစ်ခဲ့လဲဆိုတာ နားလည်နိုင်မယ့် တိကျတဲ့ အချက်အလက်မျိုး ကျွန်ုပ်တို့ဆီမှာ မရှိသေးပါဘူး” ဟု ULA က ဖြည့်စွက်ပြောကြားသည်။
ယခုကဲ့သို့ လွှတ်တင်မှု ကျရှုံးခြင်းသည် ULA ၏ အဓိက ဒုံးပျံအသစ်အတွက် ကြီးမားသော အတားအဆီးတစ်ခု ဖြစ်လာသည်။ နှစ်ပေါင်း ၂၀ သက်တမ်းရှိပြီဖြစ်သော ဤကုမ္ပဏီသည် အမေဇုံ၏ တိုးတက်များပြားလာနေသော ဂြိုဟ်တုအင်တာနက် စီမံကိန်းအတွက် ပုံမှန် လွှတ်တင်မှုများကို စတင်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

ဤကျရှုံးမှုကြောင့် နည်းပညာပိုင်းဆိုင်ရာစုံစမ်းစစ်ဆေးမှုများရှည်လျားစွာပြုလုပ်ရဖွယ်ရှိပြီး၊ ဗာလ်ကန်ဒုံးပျံကို လပေါင်းများစွာ အသုံးပြုခွင့် ရပ်ဆိုင်းထားရမည့် အခြေအနေမျိုး ဖြစ်လာနိုင်သည်။
အခြားသော ဒုံးပျံများ ကျရှုံးမှုများ၊ လုပ်ငန်းနယ်ပယ်ဆိုင်ရာ စိန်ခေါ်မှုများနှင့် ကမ္ဘာပေါ်တွင် အသုံးအများဆုံး ဒုံးပျံဖြစ်သည့် Space-X ကုမ္ပဏီ၏ ဖာလ်ကွန်-၉ (Falcon 9) ကို အနာဂတ်တွင် ဆက်လက်အသုံးပြုနိုင်မလားဆိုသည့် မသေချာမရေရာမှုများကြောင့် အမေရိကန်ကုမ္ပဏီများအနေဖြင့် အာကာသယာဉ် လွှတ်တင်နိုင်စွမ်း လျော့နည်းလာမည့် အခြေအနေမျိုးနှင့် ရင်ဆိုင်ရနိုင်သည်။ လက်ရှိတွင် SpaceX သည် Falcon 9 ဒုံးပျံအတွက် ကြိုတင်မှာယူမှုများကို လက်ခံခြင်း မရှိတော့ပေ။
“ဒုံးပျံလွှတ်တင်မှုတိုင်းမှာ အန္တရာယ်ရှိနိုင်ပါတယ်၊ အထူးသဖြင့် LV-01 လိုမျိုး ပထမဆုံးအကြိမ် စမ်းသပ်လွှတ်တင်မှုတွေမှာ ပိုပြီးတော့မှန်ကန်ပါတယ်” ဟု အမေဇုံက မအောင်မြင်သော နိုဝင်ဘာလ ၁၅ ရက်က ပစ်လွှတ်ခဲ့မှုကို ရည်စူး၍ ပြောခဲ့သည်။
အမေဇုံက “ULA က အမေဇုံအတွက် ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်တစ်ခု ဖြစ်ခဲ့ပြီး၊ သူတို့အနေနဲက ဤမစ်ရှင်မှ သင်ခန်းစာယူကာ ဗာလ်ကန် ဒုံးပျံ နဲ့ ပတ်သက်တဲ့ သူတို့ရဲ့ ရေရှည်အစီအစဉ်တွေကို အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ဆက်လက်ပြောခဲ့သည်။
ULA ကို ၂၀၀၆ ခုနှစ်တွင် ဘိုးရင်း၏ Delta ဒုံးပျံအစီအစဉ်နှင့် လော့ခ်ဟိဒ် မာတင်၏ Atlas ဒုံးပျံအစီအစဉ်တို့ကို ပေါင်းစပ်၍ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ဤဖြစ်ရပ်သည် ကုမ္ပဏီသမိုင်းတွင် မစ်ရှင်တစ်ခုလုံး လုံးဝကျရှုံးခဲ့သည့် ပထမဆုံးအကြိမ်ဖြစ်ပြီး၊ ကုမ္ပဏီစတင်တည်ထောင်ချိန်မှစ၍ ရရှိထားခဲ့သော အောင်မြင်သည့် မစ်ရှင်များ၏ မှတ်တမ်းကို အဆုံးသတ်စေခဲ့သည်။
နိုဝင်ဘာလ ၁၅ ရက်က ပြုလုပ်ခဲ့သော လွှတ်တင်မှုသည် ၂၀၂၄ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည့် ဗာလ်ကန်ဒုံးပျံအတွက် ပဉ္စမမြောက်လွှတ်တင်မှုဖြစ်ပြီး၊ ကိုးလအတွင်း ပထမဆုံးအကြိမ် လွှတ်တင်မှုလည်း ဖြစ်သည်။ ဤသို့ ကြာမြင့်သွားရခြင်းမှာ Blue Origin ကုမ္ပဏီ (အမေဇုံ တည်ထောင်သူ ဂျက်ဖ် ဘီဇို့စ် တည်ထောင်ထားသည့် အာကာသကုမ္ပဏီ) မှ ထောက်ပံ့ပေးထားသော အစိုင်အခဲလောင်စာသုံး ဒုံးပျံတွန်းကန်အားပေးစက်များ (Solid Rocket Boosters) နှင့် အဓိက BE-4 အင်ဂျင်များအပေါ် သီးခြားနည်းပညာပိုင်းဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရသောကြောင့် ဖြစ်သည်။
ဗာလ်ကန်၏ ယခင်ပျံသန်းမှုနှစ်ကြိမ် (၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလက အမေရိကန် အာကာသတပ်ဖွဲ့ – US Space Force အတွက် လုပ်ဆောင်ခဲ့သော မစ်ရှင်အပါအဝင်) တွင် ပုံမှန်မဟုတ်သည့် အခြေအနေများ ဖြစ်ပေါ်ခဲ့ပြီးနောက်၊ အဆိုပါ အစိုင်အခဲလောင်စာသုံး ဒုံးပျံတွန်းကန်အားပေးစက်များကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ရသည်။ သို့သော် ထိုမစ်ရှင်နှစ်ခုစလုံးတွင် တွန်းကန်အားပေးစက်များနှင့် ပတ်သက်သည့် ပြဿနာများ ရှိခဲ့သော်လည်း သယ်ဆောင်သွားသော ဝန်များကို ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာ ပို့ဆောင်ပေးနိုင်ခဲ့သည်။
အမေရိကန် အာကာသတပ်ဖွဲ့သည် စုံစမ်းစစ်ဆေးမှုရလဒ်များ ထွက်ပေါ်လာပြီး ပြုပြင်မွမ်းမံမှုများ လုပ်ဆောင်ပြီးစီးသည်အထိ ဗာလ်ကန်ဒုံးပျံကို အသုံးပြု၍ အမျိုးသားလုံခြုံရေးဆိုင်ရာ ပစ္စည်းများ လွှတ်တင်ခြင်းကို ခေတ္တရပ်ဆိုင်းထားသည်။ စစ်ဘက်ဆိုင်ရာက ဤဒုံးပျံကို အမျိုးသားလုံခြုံရေးဆိုင်ရာ လွှတ်တင်မှုများအတွက် အသုံးပြုခွင့် ပေး၊ မပေး ဆုံးဖြတ်ခြင်းမပြုမီ၊ နိုဝင်ဘာလ ၁၅ ရက်က ပြုလုပ်ခဲ့သည့် အမေဇုံ ၏ မစ်ရှင်မှ အချက်အလက်အသစ်များ ရရှိလာလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။
စုံစမ်းစစ်ဆေးမှုအရ ပြဿနာမှာ အင်ဂျင်၏ အဓိက အောက်ဆီဂျင်အဆို့ရှင်တွင် ဖြစ်ပွားခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ ထို့နောက် Blue Origin ကုမ္ပဏီသည် ULA သို့ ပေးပို့ထားသော BE-4 အင်ဂျင်များအတွက် ပြုပြင်မွမ်းမံမှုများကို ဖော်ထုတ်ခဲ့ပြီး၊ ဗာလ်ကန်ဒုံးပျံတွင် တပ်ဆင်ထားသည့် အင်ဂျင်များကိုလည်း ပြန်လည်ပြုပြင်တပ်ဆင် ပေးခဲ့ကြောင်း ULA တာဝန်ရှိသူများက ပြောကြားခဲ့ သည်။
နိုဝင်ဘာလ ၁၅ ရက်က ဖြစ်ပွားခဲ့သော မအောင်မြင်သည့် ပစ်လွှတ်မှုတွင် BE-4 အင်ဂျင်များ ပါဝင်ပတ်သက်မှု ရှိ၊ မရှိမှာမူ ရှင်းလင်းစွာ မသိရသေးပေ။
အမေဇုံသည် ၎င်း၏ ကမ္ဘာနှင့်နီးသော ဂြိုဟ်ပတ်လမ်းကြောင်း LEO အင်တာနက်ကွန်ရက်အတွက် ဂြိုဟ်တုများကို လွှတ်တင်ရာတွင် ပြင်ပကုမ္ပဏီများ အပေါ် မှီခိုအားထားနေရသည်။ အခြားသော ဂြိုဟ်တုလွှတ်တင်ရေး ဝန်ဆောင်မှုပေးသူများတွင်လည်း နည်းပညာပိုင်းဆိုင်ရာ ပြဿနာများနှင့် ကြန့်ကြာမှုများ ကြုံတွေ့ခဲ့ရသည်။
မေလအတွင်းက Blue Origin ကုမ္ပဏီ၏ New Glenn ဒုံးပျံ ပေါက်ကွဲမှုသည် မြေပြင်စမ်းသပ်မှုတစ်ခု ပြုလုပ်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ထိုအချိန်သည် အမေဇုံ ၏ LEO ဂြိုဟ်တုများကို လွှတ်တင်ရန် စီစဉ်ထားသည့်ရက်မတိုင်မီ ရက်အနည်းငယ်အလိုတွင် ဖြစ်သည်။
ဂြိုဟ်တုလွှတ်တင်မှုများနှင့် ပတ်သက်၍ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများသည် SpaceX ၏ စတားလင့် (Starlink) ဂြိုဟ်တုအင်တာနက်ကွန်ရက်နှင့် ယှဉ်ပြိုင်ရန် အမေဇုံ၏ ကြိုးပမ်းမှုများကို ပိုမိုရှုပ်ထွေးခက်ခဲစေခဲ့သည်။ Starlink တွင် ဂြိုဟ်တုပေါင်း ၁၁,၀၀၀ ကျော်ရှိပြီး ကမ္ဘာတစ်ဝန်း၌ သုံးစွဲသူ သန်းနှင့်ချီ ရှိနေသည်။
ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုပေးသည့် အခြားပြိုင်ဘက်များနှင့် နှိုင်းယှဉ်ပါက SpaceX တွင် အားသာချက်တစ်ခု ရှိနေသည်။ ၎င်းမှာ ဂြိုဟ်တုများကို လွှတ်တင်ရန်အတွက် ကိုယ်ပိုင်ဒုံးပျံများကို အသုံးပြုနိုင်ခြင်းပင် ဖြစ်သည်။ အခြားကုမ္ပဏီများမှာမူ ပြင်ပမှ ဂြိုဟ်တုလွှတ်တင်ရေး ဝန်ဆောင်မှုပေးသူများကို အားထားနေရသဖြင့် ၎င်းတို့၏ ဂြိုဟ်တုကွန်ရက် တည်ဆောက်ရာတွင် ကုန်ကျစရိတ် ပိုမိုများပြားစေပြီး လုပ်ငန်းစဉ်များကိုလည်း ပိုမိုရှုပ်ထွေးစေသည်။
Reuters သတင်းဌာန၏ ဖော်ပြချက်အရ၊ နိုဝင်ဘာလ ၁၅ ရက်က မအောင်မမြင် ဖြစ်ခဲ့သည့် မစ်ရှင်မတိုင်မီအထိ အမေဇုံသည် ၂၀၂၅ ခုနှစ်မှစတင်ကာ မစ်ရှင် ၁၄ ခုမှတစ်ဆင့် LEO ဂြိုဟ်တု ၃၉၈ လုံးကို လွှတ်တင်ပြီး ဖြစ်သည်။ ဤအရေအတွက်သည် ကမ္ဘာတစ်ဝန်းလုံး လွှမ်းခြုံနိုင်ရန် အမေဇုံ လိုအပ်မည့် ဂြိုဟ်တု ၃,၂၃၆ လုံးအနက် ၁၂ ရာခိုင်နှုန်းခန့်သာ ရှိသေးသည်။ အမေဇုံ အနေဖြင့် ယခုနှစ်အတွင်း အင်တာနက်ဝန်ဆောင်မှုများကို စတင်ပေးအပ်နိုင်ရန် မျှော်မှန်းထားခဲ့သည်။
Ref: Reuters, AFP