
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နိုဝင်ဘာလ ၁၆ ရက်၊ ညနေပိုင်းက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲ ပထမပိုင်းအဖြစ် တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာစေတီတော်တွင် ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် နှင့် ဝန်ကြီးမျာ၊ တာဝန်ရှိသူများ၊ ဧည့်သည်တော်များက ဘုရားဝတ်ပြု ဆက်ကပ်ပြီး စိန်နားပန်မီးပုံးပျံတစ်လုံး လွှတ်တင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဖွင့်ပွဲ ဒုတိယပိုင်းကို တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းအတွင်း ဆက်လက်ပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများက တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုးက အဖွင့်အမှာစကား ပြောကြားပြီး တောင်ကြီး တန်ဆောင်တိုင်ပွဲတော်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် တေးသံရှင် စိုင်းဟိန်းကိုကိုက “ကမ္ဘောဇ မောတို့ရှမ်းဌာနေ” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး တိုင်းရင်းသား/သူ အကအဖွဲ့များက တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ကပြဖျော်ဖြေတင်ဆက်ကာ တိုင်းရင်းသား အကအဖွဲ့များ၊ ကျောင်းသား/သူများက တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအထိမ်းအမှတ် မီးပုံးပျံငယ် အလုံး ၁၀၀၀ ကျော် လွှတ်တင်ခဲ့ကြောင်း သိရသည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲကို ယနေ့ နိုဝင်ဘာလ ၁၆ ရက်မှ တန်ဆောင်မုန်းလပြည့်ည၊ နိုဝင်ဘာလ ၂၄ ရက်အထိ ၉ ည တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တန်ဆောင်မုန်း လပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာလ ၂၅ ရက်တွင် ဆုပေးပွဲနှင့် ပွဲတော် ပိတ်ပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲတွင် နေ့လွှတ်အရုပ် ခြေနှစ်ချောင်း ၂၃၆ လုံး၊ ခြေလေးချောင်း ၁၃၈ လုံး၊ အုပ်စု ၇၅ ၊ ညလွှတ် ညမီးကြီး ၇၁ လုံး၊ စိန်နားပန် ၄၁ လုံး၊ စုစုပေါင်း ၅၆၁ လုံးကို လွှတ်တင် ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး နေ့လွှတ်အရုပ်များမှာ ပြိုင်ပွဲဝင်အဖွဲ့အရေအတွက် များပြားသည့်အတွက် ပွဲတော် ဖွင့်ပွဲ မကျင်းပမီ နိုဝင်ဘာ ၁၃ ရက်ကတည်းက စတင်ယှဉ်ပြိုင်လွှတ်တင်နေခြင်းဖြစ်ကြောင်း သိရသည်။