Myanmar National Post

ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး ရေယိုစိမ့်မှုပြင်ဆင်ခြင်းနှင့် သန့်ရှင်းသပ်ရပ်ရေး လုပ်ငန်းများဆောင်ရွက်



ရန်ကုန်၊ နိုဝင်ဘာ ၁၆

သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးတွင် ရေယိုစိမ့်မှု ဖြစ်ပေါ်နေသည့်အပေါက်များအား ပြင်ဆင်ဖာထေးခြင်းလုပ်ငန်းများနှင့် ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ် သာယာရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်နေမှုများကို ယမန်နေ့က သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် သွားရောက်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားသည်။

ဆက်လက်၍ မဟာနာယကကျောင်းတော်ကြီး ရှေ့ခြံစည်းရိုးမုခ်ဦး ပြင်ဆင်မည့်နေရာ၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ဝင်းအတွင်းရှိ ဥဿာသီရိဥယျာဉ်တော်ကြီး၏ အုတ်တံတိုင်း ခြံစည်းရိုးများတွင် ပေါက်နေသောအပင်များ၊ ခြံစည်းရိုးအနီးရှိ အပင်များကို ခုတ်ထွင်ရှင်းလင်းပြီးစီး မှုအခြေအနေ၊ မဟာသိမ်တော်ကြီး အုတ်တံတိုင်း ခြံစည်းရိုးဆေးသုတ်နေမှုနှင့် မင်းကွန်းဆရာတော်ကြီး ရုပ်တုဆောင်တို့ကို ကြည့်ရှုစစ်ဆေးသည်။

ထို့ပြင် သံဃာ့ဆေးရုံအဆောင်သစ်၌ ဖွင့်လှစ်ထားသည့် သွားဆေးခန်းကို ဆဋ္ဌသင်္ဂါယနာတင်သမိုင်းဝင် မူလဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံ အဆောင်ဟောင်း၌ ပြောင်းရွှေ့ဖွင့်လှစ်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သံဃာတော်များ ကြွရောက်ကုသမှု ခံယူသည့်အခါတွင် လိုအပ်သလို ဖြည့်ဆည်းကုသ နိုင်ရေးအတွက် လိုအပ်သည့်ကုသရေးပစ္စည်းများနှင့် ဆေးဝါးများ အလုံအလောက် ဖြည့်တင်းဆောင်ရွက် သွားရန် မှာကြားသည်။


အလားတူ ဆဋ္ဌသင်္ဂါယနာသမိုင်းဝင် ပိဋကတ် တိုက်ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ပျက်စီး ယိုယွင်းနေသည့် ဘုရားဆင်းတုတော်များနှင့် ရဟန္တာ ရုပ်ပွားတော်များအနက် ပြန်လည်ပြုပြင်ရသည်များကို ပြန်လည်ပြုပြင်၍ ပြုပြင်မရသည်များကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒနှင့်အညီ ဆောင်ရွက်သွားရန်၊ ပေစာများကို သတ်မှတ်အပူချိန်အတွင်း ထိန်းသိမ်းနိုင်ရေး ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိုင်းပြီး ဆောင်ရွက် ရန်မှာကြားခဲ့ကြောင်း သိရသည်။


#Myanmar #News

မူရင်းသတင်း — Myanmar National Post