Kanbawza Tai News

တန်ဆောင်တိုင် ယာဉ်ရပ်နားခ ပိုမိုကောက်နေသည်မှာ လေလံရရှိသူမဟုတ်ကြောင်း တုံ့ပြန်

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် အတွင်း ယာဉ်ရပ်နားခ ပိုမိုကောက်ခံနေခြင်းမှာ လေလံရရှိထားသည့် လုပ်ငန်းရှင် က ကောက်ခံခြင်းမဟုတ်ဘဲ အခြားသူများက ကောက်ခံနေခြင်းဖြစ်ကြောင်း လေလံအောင်မြင်ထားသူ လုပ်ငန်းရှင်က တုံ့ပြန်ပြောဆိုခဲ့သည်။

“ကျွန်တော်တို့က သတ်မှတ်နှုန်းထားထက် ပိုကောက်တာ မရှိပါဘူး။ တခြား ဌာနဆိုင်ရာတွေက ပိုကောက်တာ ဖြစ်ပါလိမ့်မယ်။ အခု ပိုကောက်တာက လေလံဧရိယာထဲမှာ မပါတဲ့အပိုင်းက ဖြစ်ပါတယ်။ ယာဉ်ထိန်းရဲက က ရထားတဲ့ အပိုင်းရှိတယ်။ မြန်မာ့မီးရထားက အပိုင်းရှိတယ်။ တပ်က လုပ်တာလည်း ရှိပါတယ်။ ကျွန်တော်တို့ လေလံ အောင်ထားတဲ့ အပိုင်း ၄ ပိုင်းမှာ ပိုကောက်တာ မရှိပါဘူး” ဟု ယာဉ်ရပ်နားစခန်း လေလံအောင်မြင် ရရှိထားသူ ဦးမျိုးညီညီကျော်က ပြောသည်။

ထို့အပြင် ယာဉ်ရပ်နားစခန်းလုပ်ငန်း အပိုင်း (၃) ဖြစ်သည့် ဧရာဝတီလမ်းဆုံအနီးရှိ နေရာကို ဌာနဆိုင်ရာများက အပိုင်းလိုက် ပြန်လည်ရယူပြီး လုပ်ကိုင်နေသည့်အတွက် လေလံအောင်မြင်ထားသူက လုပ်ကိုင်ခြင်းမရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲနေ့ဖြစ်သော ယနေ့ နိုဝင်ဘာ ၁၆ ရက်တွင် ယာဉ်ရပ်နားခ ပိုမိုကောက်ခံမှုများ ရှိကြောင်း ဒေသခံများနှင့် ပွဲလာပရိသတ်များက ပြောဆိုနေကြခြင်းဖြစ်သည်။

“အခုမှ ပွဲစရက်ပဲ ရှိသေးတယ်။ ဒါတောင်ညနေမရောက်သေးဘူး ရပ်နားခက ၂ ဆ၊ ၃ ဆ ပေးနေရပြီ။ သူတို့ဘာသာ ဘယ်သူ ကောက်တယ် ဆိုတာကတော့ ပြည်သူက ဘယ်သိမှာလဲ။ ပွဲတော်ကျင်းပရေးကော်မတီ အနေနဲ့ အားလုံးကို ကြပ်မတ်ဖို့ လိုအပ်ပါတယ်” ဟု ပွဲတော်လာ ပရိသတ်တစ်ဦးက ပြောသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ယာဉ်ရပ်နားစခန်းလုပ်ငန်း ၄ ခုအတွက် လေလံကြေး ကျပ်သိန်း ၂၄၁၀ ဖြင့် တောင်ကြီးမြိုမှ လုပ်ငန်းရှင် ဦးမျိုးညီညီကျော်က ရရှိထားခြင်းဖြစ်သော်လည်း အဆိုပါ ယာဉ်ရပ်နားစခန်း ၄ ခုသာမက တန်ဆောင်တိုင် ကွင်းအနီးတွင် အခြားဌာနဆိုင်ရာများ၊ ပျံကျ တရားမဝင် ယာဉ်ရပ်နားစခန်းလုပ်ငန်း ဖွင့်လှစ် လုပ်ကိုင်မှုများလည်း ရှိနေသည့်အတွက် လေလံအောင်မြင်ထားသူ လုပ်ငန်းရှင်များအနေဖြင့် နစ်နာမှုများ ရှိနေကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News