Myanmar Digital News

ရန်ကုန်မြို့၏ ငလျင်အန္တရာယ်လျော့ပါးရေးနှင့် ငလျင်ဒဏ်ခံနိုင်ရည် မြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲနှင့် ရန်ကုန် - ပဲခူး လမ်းနယ်နိမိတ်သတ်မှတ်တိုင်းတာရေးနှင့် လမ်းဘေး ဝဲ၊ ယာ မြေအသုံးချမှုအခြေအနေ စိစစ်ရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန် နိုဝင်ဘာ ၁၆

 

ရန်ကုန်မြို့၏ ငလျင်အန္တရာယ် လျော့ပါးရေးနှင့် ငလျင်ဒဏ်ခံနိုင်ရည် မြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် ဗိုလ်တထောင်မြို့နယ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ(၁၆)ထပ်ရုံး၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းအသီးသီးမှ ကျွမ်းကျင်ပညာရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

ဆွေးနွေး

ထို့နောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ကျွမ်းကျင်ပညာရှင်များက ရန်ကုန်မြို့၏ ငလျင်အန္တရာယ် လျော့ပါးရေးနှင့် ငလျင်ဒဏ်ခံနိုင်ရည်မြှင့်တင်ရေး ဆိုင်ရာများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။

 

မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည့် ရန်ကုန် - ပဲခူး လမ်းနယ်နိမိတ် သတ်မှတ်တိုင်းတာရေးနှင့် လမ်းဘေး ဝဲ၊ ယာ မြေအသုံးချမှု အခြေအနေစိစစ်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားသည်။

 

အစည်းအဝေးတွင် တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးက အမှတ်(၃)လမ်း (ရန်ကုန်- ပဲခူး လမ်းနှင့် ခရေပင်လမ်းဆုံကြား)နှင့် ရန်ကုန်-ပဲခူးလမ်း(ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ်အစမှ ထောက်ကြန့်လမ်းဆုံအထိ) လမ်းတည်နေရာနှင့် လမ်းပိုင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများက ရန်ကုန်-ပဲခူး လမ်းနယ်နိမိတ် သတ်မှတ် တိုင်းတာရေးနှင့် လမ်းဘေး ဝဲ၊ ယာ မြေအသုံးချမှုအခြေအနေ များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News