
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ နိုဝင်ဘာ ၁၆ ရက်မှ ၁၇ ရက်အထိ ကျင်းပသည့် အရှေ့တောင်အာရှဒေသတွင်း သတင်းမီဒီယာဆွေးနွေးပွဲ (Southeast Asia Regional Seminar 2026) တွင် Eleven Media Group ၏ CEO ကိုမင်းသော်ထွဋ် ပါဝင်ဆွေးနွေးခဲ့ပြီး အဓိက,ကတိကဝတ် ငါးရပ်ပါဝင်သည့် ဘန်ကောက်ပူးတွဲကြေညာချက်မူကြမ်း ရေးဆွဲခဲ့ကြောင်း သိရသည်။
အဆိုပါ ကတိကဝတ် ငါးရပ်မှာ အာဆီယံသတင်းမီဒီယာများ၏ အခွင့်အရေးကာကွယ်ရေး၊ AI နည်းပညာအသုံးပြုမှုနှင့် သတင်းမီဒီယာလုပ်ငန်းများ
ရေရှည်တည်တံ့ရေးဆိုင်ရာ အစရှိသည့်ဘန်ကောက်ပူးတွဲကြေညာချက်မူကြမ်းကို ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲကို ထိုင်းသတင်းမီဒီယာကောင်စီ (Thai Press Council) ဥက္ကဋ္ဌ Mr. Chavarong ၏ ဦးဆောင်မှုဖြင့် Thai Press Council နှင့် Society for Online News Providers (SONP) တို့က ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်ပြီး Mr. Chavarong က အရှေ့တောင်အာရှဒေသတွင်းရှိ အခြားနိုင်ငံများမှ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌများနှင့် အကြီးအကဲများကို ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
ဆွေးနွေးပွဲသို့ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် တီမောလက်စ်တေနိုင်ငံများမှ သတင်းမီဒီယာကောင်စီ ကိုယ်စားလှယ်များ၊ ဝါရင့်သတင်းစာဆရာများ၊ သတင်းမီဒီယာလုပ်ငန်းရှင်များနှင့် သတင်းဌာနအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
“Beyond the Algorithm: Reclaiming Sovereignty, Trust, and Sustainability for ASEAN Digital Publishers” ခေါင်းစဉ်ဖြင့် ကျင်းပသည့် ဆွေးနွေးပွဲတွင် ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးများ၏ လွှမ်းမိုးမှု၊ AI နည်းပညာကြောင့် သတင်းမီဒီယာလုပ်ငန်းများအပေါ် သက်ရောက်လာမှု၊ အယ်ဒီတာ့အာဘော်ဆိုင်ရာ လွတ်လပ်ခွင့်နှင့် ဒေသတွင်း သတင်းမီဒီယာများ ပူးပေါင်းဆောင်ရွက်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
Eleven Media Group CEO ကိုမင်းသော်ထွဋ်က “The Augmented Newsroom: AI Integration, Workflows, and the Future of Editorial Teams” ခေါင်းစဉ်ဖြင့် ကျင်းပသည့် ဆွေးနွေးပွဲတွင် AI နည်းပညာကို သတင်းခန်းလုပ်ငန်းများ၌ ပေါင်းစပ်အသုံးပြုမှု၊ သတင်းထုတ်လုပ်မှုလုပ်ငန်းစဉ်များ ပြောင်းလဲလာမှုနှင့် အနာဂတ်အယ်ဒီတာအဖွဲ့များ၏ အခန်းကဏ္ဍတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲအတွင်း အာဆီယံသတင်းမီဒီယာများ၏ အခွင့်အရေးကာကွယ်ရေးနှင့် ရေရှည်တည်တံ့ရေးအတွက် အဓိကကတိကဝတ် ငါးရပ်ကို အတည်ပြုခဲ့ကြပြီး ယင်းအချက်များပါဝင်သည့် ဘန်ကောက်ပူးတွဲကြေညာချက်မူကြမ်းကို ရေးဆွဲခဲ့ကြသည်။
ပထမအချက်မှာ သတင်းမီဒီယာများ၏ ဒစ်ဂျစ်တယ်နှင့် အယ်ဒီတာ့အာဘော်ဆိုင်ရာ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကို ကာကွယ်ရေးဖြစ်ပြီး သတင်းအကြောင်းအရာများ၊ မူပိုင်ခွင့်များနှင့် သတင်းဖတ်ရှုသူပရိသတ်များနှင့် ဆက်ဆံရေးအပေါ် သတင်းထုတ်ဝေသူများ၏ ထိန်းချုပ်စီမံခန့်ခွဲပိုင်ခွင့်ကို အလေးထားဖော်ပြထားသည်။
ဒုတိယအချက်မှာ ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးများနှင့် သတင်းထုတ်ဝေသူများအကြား မျှတပြီး ပွင့်လင်းမြင်သာသည့် စီးပွားရေးဆက်ဆံမှုများ တည်ဆောက်ရေးဖြစ်ပြီး သတင်းအကြောင်းအရာများ အသုံးပြုမှုအတွက် သင့်လျော်မျှတသည့် အခကြေးငွေရရှိရေးနှင့် ဒေသတွင်း စုပေါင်းညှိနှိုင်းဆောင်ရွက်ရေးတို့ ပါဝင်သည်။
တတိယအချက်မှာ AI နည်းပညာကို သတင်းမီဒီယာလုပ်ငန်းများတွင် ကျင့်ဝတ်နှင့်အညီ တာဝန်ယူမှုရှိစွာ အသုံးပြုရေးဖြစ်ပြီး လူသားအယ်ဒီတာများ၏ ကြီးကြပ်မှု၊ ပွင့်လင်းမြင်သာမှုနှင့် မူပိုင်ခွင့်များကို လေးစားလိုက်နာရေးတို့ကို အလေးပေးထားသည်။
စတုတ္ထအချက်မှာ သတင်းမီဒီယာများအပေါ် ပြည်သူလူထု၏ ယုံကြည်မှု မြှင့်တင်ရေးနှင့် သတင်းမီဒီယာလုပ်ငန်းများ ရေရှည်တည်တံ့ရေးဖြစ်ပြီး သတင်းတိကျမှန်ကန်မှု၊ သတင်းမီဒီယာကျင့်ဝတ်၊ သတင်းမှားတိုက်ဖျက်ရေးနှင့် ဝင်ငွေရရှိနိုင်သည့် နည်းလမ်းသစ်များ ဖော်ဆောင်ရေးတို့ ပါဝင်သည်။
ပဉ္စမအချက်မှာ အာဆီယံဒေသတွင်း သတင်းမီဒီယာအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဖြစ်ပြီး ဒစ်ဂျစ်တယ်သတင်းထုတ်ဝေသူများ ပါဝင်သည့် ဒေသတွင်းကွန်ရက်တစ်ခုကို ဆန္ဒအလျောက်ဖွဲ့စည်းကာ အသိပညာနှင့် အတွေ့အကြုံများ ဖလှယ်ရေး၊ ကျွမ်းကျင်မှုမြှင့်တင်ရေးနှင့် နည်းပညာကုမ္ပဏီကြီးများနှင့် စုပေါင်းညှိနှိုင်းဆောင်ရွက်ရေးတို့ကို ဆောင်ရွက်ရန်ဖြစ်သည်။
ထို့ပြင် ဘန်ကောက်ပူးတွဲကြေညာချက်မူကြမ်းတွင် အစိုးရများ၊ နည်းပညာကုမ္ပဏီများ၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် သတင်းမီဒီယာအဖွဲ့အစည်းများအနေဖြင့် သတင်းမီဒီယာလွတ်လပ်ခွင့်ကို ကာကွယ်ပြီး
ပြည်သူလူထု၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်သည့် မျှတပွင့်လင်းမြင်သာသော ဒစ်ဂျစ်တယ်သတင်းအချက်အလက်စနစ်တစ်ရပ် တည်ဆောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။
အလားတူ သတင်းမီဒီယာလုပ်ငန်းများ၏ အနာဂတ်ကို နည်းပညာကုမ္ပဏီကြီးများ၏ Algorithm များနှင့် စီးပွားရေးအကျိုးစီးပွားများကသာ ဆုံးဖြတ်ခြင်းမဟုတ်ဘဲ သတင်းမီဒီယာကျင့်ဝတ်၊ ဒေသတွင်းစည်းလုံးညီညွတ်မှုနှင့် ပြည်သူလူထုအပေါ် တာဝန်ယူမှုတို့အပေါ် အခြေခံ၍ ဖော်ဆောင်သွားရန် အလေးပေးဖော်ပြခဲ့ကြောင်း သိရသည်။