၁၇.၁၁.၂၀၂၆
Translated by Htwe Ko Tun
ဟောလိဝုဒ်ရုပ်ရှင်သမိုင်းတွင် အချိန်အကြာဆုံး ရိုက်ကူးပြသခဲ့ပြီး ဝင်ငွေအများဆုံး ရရှိခဲ့သည့် ရုပ်ရှင်စီးရီးများထဲ ပါဝင်သည့် ဗြိတိန်ထောက်လှမ်းရေးသမားအဖြစ် သရုပ်ဆောင်ထားသော ဂျိမ်းစ်ဘွန်း ဇာတ်လမ်းတွဲများအတွက် ဗြိတိန်သရုပ်ဆောင် ရောဘတ် ပက်တင်ဆန်အား ဂျိမ်းစ်ဘွန်းမင်းသားအသစ်အဖြစ် ရွေးချယ်ကြောင်း Amazon MGM စတူဒီယိုက နိုဝင်ဘာလ ၁၆ ရက်တွင် ကြေညာခဲ့သည်။
ကြာရှည်စွာ ရိုက်ကူးလာခဲ့သည့် ဤထောက်လှမ်းရေးဇာတ်လမ်းတွဲတွင် ဒန်နီယယ် ကရေ့ဂျ် (Daniel Craig) က ဂျိမ်းစ်ဘွန်း မင်းသားအဖြစ်မှ နုတ်ထွက်သွားပြီးနောက် ၎င်း၏နေရာတွင် ရောဘတ် ပက်တင်ဆန်က ဂျိမ်းစ်ဘွန်းအဖြစ် ဆက်လက်သရုပ်ဆောင်သွားမည်ဖြစ်သည်။

ဆွဲဆောင်မှုရှိသူတစ်ဦးအဖြစ် လူသိများသည့် လျှို့ဝှက်ထောက်လှမ်းရေးအရာရှိတစ်ဦး၏ ဇာတ်လမ်းဖြစ်သော ဂျိမ်းစ်ဘွန်း ဇာတ်လမ်းတွဲကို ၁၉၆၂ ခုနှစ်တွင် Dr. No ဇာတ်ကားအဖြစ် စတင်ထွက်ရှိခဲ့ပြီး ဟောလိဝုဒ်သမိုင်း၌ အချိန်အကြာဆုံးနှင့် ဝင်ငွေအများဆုံး ရရှိခဲ့သည့် ရုပ်ရှင်စီးရီးများထဲမှ တစ်ခုဖြစ်သည်။
ဤဇာတ်ကောင်နေရာတွင် ယခင်က ရှောင်ကွန်နရီ၊ ပိုင်ယာ့စ် ဘရော့စ်နန်နှင့် ရော်ဂျာမိုး အစရှိသည့် ဝေဖန်ရေးသမားများ၏ ချီးကျူးမှုကို ခံထားရသော ထိပ်တန်းသရုပ်ဆောင်ခြောက်ဦးက သရုပ်ဆောင်ခဲ့ဖူးသည်။
ထို့ကြောင့် ရောဘတ် ပက်တင်ဆန်က သတ္တမမြောက် ဂျိမ်းစ်ဘွန်းမင်းသားသရုပ်ဆောင် ဖြစ်လာမည်ဖြစ်ပြီး ၎င်းက ဤဇာတ်ကောင်နေရာအတွက် အစမ်းသရုပ်ဆောင်မှု ပြုလုပ်ခဲ့ကြောင်း သတင်းများထွက်ပေါ် လာပြီးနောက် ဂျိမ်းစ်ဘွန်း မင်းသားအဖြစ် ပါဝင်လာနိုင်သည်ဟု ကောလာဟလများလည်း ထွက်ပေါ် လာခဲ့သည်။
ရောဘတ် ပက်တင်ဆန် က “ဂျိမ်းစ်ဘွန်း ဆိုတာ ရုပ်ရှင်လောကရဲ့ ဒဏ္ဍာရီလာ ဇာတ်ကောင်တွေထဲက တစ်ခုပါ။ 007 နေရာမှာ သရုပ်ဆောင်ဖို့ တာဝန်ပေးအပ်ခံရတာဟာ ဘဝတစ်လျှောက်လုံးအတွက် အကြီးမားဆုံး ဂုဏ်ယူစရာပါပဲ” ဟု ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သလို “ဒီဇာတ်ကောင် နေရာကို ရရှိတာဟာ အိပ်မက်တစ်ခု အကောင်အထည်ပေါ်လာတာပါလို့ ပြောရင်တောင် နည်းပါးလွန်းပါလိမ့်မယ်။ ဒီပူးပေါင်းဆောင်ရွက်မှုနဲ့ အံ့မခန်းကောင်းမွန်တဲ့ အဖွဲ့သားတွေနဲ့အတူ ရှေ့ဆက်လုပ်ဆောင်ရမယ့် အလုပ်တွေအတွက် ကျွန်တော် အလွန်အမင်း စိတ်လှုပ်ရှားမိပါတယ်”ဟု ဆက်လက် ပြောကြားခဲ့သည်။
ဤအဖွဲ့တွင် အော်စကာဆုအတွက် အမည်စာရင်းတင်သွင်းခံခဲ့ရဖူးသူ Denis Villeneuve ပါဝင်ပြီး ၎င်းက နောက်ထပ်ထွက်ရှိမည့် ပက်တင်ဆန် ရုပ်ရှင်ကို ဒါရိုက်တာအဖြစ် ရိုက်ကူးပေးမည်ဖြစ်သည်။ ဇာတ်ညွှန်းကိုမူ “Peaky Blinders” ဇာတ်လမ်းတွဲကို ဖန်တီးသူ စတိဗင်နိုက် (Steven Knight) က ရေးသားမည်ဖြစ်သည်။
ပက်တင်ဆန် ပါဝင်မည့် ပထမဆုံး ဂျိမ်းစ်ဘွန်းရုပ်ရှင်မှာ ၂၆ ကားမြောက် ဂျိမ်းစ်ဘွန်း ဇာတ်ကားဖြစ်လာမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်က ထွက်ရှိခဲ့သည့် “No Time To Die” ရုပ်ရှင်နောက်ပိုင်း ပထမဆုံး ထွက်ရှိလာမည့် ဂျိမ်းစ်ဘွန်း ဇာတ်ကားလည်း ဖြစ်သည်။
Ref: AP