Myanmar Digital News

သဒ္ဓါတရား၊ ကုသိုလ်တရားနှင့် ပွဲတော်အလှတရားတို့ ဆုံစည်းရာ မာရဝိဇယတန်ဆောင်တိုင် ….

ဝေဖြိုးအောင်

မြန်မာတို့၏ ဆယ့်နှစ်လရာသီပွဲတော်များအနက် တန်ဆောင်မုန်းလသည် ရာသီဥတု သာယာကြည်နူးဖွယ်ကောင်းပြီး တိမ်ကင်းစင်ကာ လသာသောညချမ်းများကို ပိုင်ဆိုင်ထားသည့်လတစ်လဖြစ်ပါသည်။ ဆောင်းဦးပေါက်ရာသီ၏ အေးမြသောလေပြည်များနှင့်အတူ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ သဒ္ဓါတရားထက်သန်မှုများသည် တန်ဆောင်တိုင်ပွဲတော်ကာလတွင် အမြင့်ဆုံးသို့ ရောက်ရှိလေ့ရှိပါသည်။

ယခုနှစ် တန်ဆောင်တိုင်ကာလတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်း ကျင်းပမည့် တန်ဆောင်တိုင်မီးထွန်းပွဲတော်သည် နိုင်ငံတစ်ဝန်းမှ ဘုရားဖူးပြည်သူများ၏စိတ်ဝင်စားမှုကို အထူးရရှိနေပါသည်။ ဤပွဲတော်သည် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းခြင်း၊ သာသနာတော်ကို ကြည်ညိုပူဇော်ခြင်းနှင့် ခေတ်မီ မြို့ပြ၏အလှအပများကို တစ်ပေါင်းတည်း ခံစားရရှိနိုင်မည့်အခွင့်အရေးတစ်ရပ်ဖြစ်ပါသည်။ မာရဝိဇယ တန်ဆောင်တိုင်ပွဲတော်သည် ကုသိုလ်တရားများ ပွားများရာ၊ စိတ်အေးချမ်းမှုရှာဖွေရာနှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု၏အလှတရားများ စုစည်းရာ ဗဟိုချက်မ နေရာတစ်ခုဖြစ်လာပါသည်။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ သမိုင်းဝင်တည်ထားကိုးကွယ်မှု

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ကမ္ဘာပေါ်တွင် ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် များအနက် ဉာဏ်တော်အမြင့်ဆုံးနှင့် အကြီးမားဆုံးသော ရုပ်ပွားတော်မြတ်ကြီးဖြစ်ပါသည်။ ရုပ်ပွားတော်မြတ်ကြီး၏ ဉာဏ်တော်အမြင့်မှာ ၆၃ ပေရှိပြီး ပလ္လင်တော်အမြင့်မှာ ၁၈ ပေရှိသဖြင့် စုစုပေါင်း ဉာဏ်တော်အမြင့်မှာ ၈၁ ပေရှိပါသည်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင်က မာရ်နတ်ကို အောင်မြင်တော်မူသည့် ဘူမိဖဿမုဒြာဟန်ဖြင့် တည်ထားကိုးကွယ်ထားခြင်းဖြစ်ပါသည်။

မာရဝိဇယဆိုသည်မှာ မာရ်နတ်မင်း၏ အနှောင့်အယှက်ရန်စွယ်အန္တရာယ်အပေါင်းကို အထူး အောင်မြင်တော်မူသောမြတ်စွာဘုရားဟု အဓိပ္ပာယ်ရပေသည်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ကို ဆရာတော်ကြီးများ၏ သြဝါဒကိုခံယူ၍ မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကို ပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး အေးချမ်းသာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီး ငြိမ်းချမ်းသာယာမှုဖြစ်စေရန် ရည်ရွယ်၍ နေပြည်တော်၏ အချက်အချာကျသောနေရာတွင် ခမ်းနားထည်ဝါစွာ တည်ထားနိုင်ခဲ့ခြင်းဖြစ်ပါသည်။

ထို့ကြောင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ယနေ့ခေတ် မြန်မာနိုင်ငံ၏သာသနာရေး ဆိုင်ရာ အရေးပါဆုံးသော အထင်ကရနေရာတစ်ခု ဖြစ်လာခဲ့ပြီး တန်ဆောင်တိုင်ကဲ့သို့သော နေ့ထူး နေ့မြတ်များတွင် ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ရန် အသင့်တော်ဆုံးသော ကျက်သရေဆောင် ဖြစ်လာခဲ့ပါသည်။ မြန်မာတို့၏ဘာသာရေးယုံကြည်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ဂုဏ်ယူဖွယ်ရာပြယုဂ်တစ်ခုအဖြစ် အခိုင်အမာရပ်တည်လျက်ရှိပါသည်။

စကျင်ကျောက်တော်ကြီးများမှသည် ကမ္ဘာ့အကြီးဆုံးဆင်းတုတော်ဆီသို့

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထားကိုးကွယ်ရန်အတွက် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် စကျင်တောင်မှထွက်ရှိသော ဧရာမ စကျင်ကျောက်တော်ကြီးများကို အသုံးပြုခဲ့ခြင်း ဖြစ်ပါသည်။ ဤမျှကြီးမားလေးလံသော ကျောက်တော်ကြီးများကို စကျင်တောင်မှ နေပြည်တော်သို့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်သည် မြန်မာ့သမိုင်းတွင် မှတ်တမ်းတင်ရမည့် စွမ်းဆောင်ရည်တစ်ရပ်ဖြစ်ပါသည်။

ကုန်းလမ်း၊ ရေလမ်း စသည့် ခက်ခဲသောခရီးစဉ်များကိုဖြတ်သန်းကာ မြစ်ကြောင်းတစ်လျှောက် အထူးစီမံထားသောရေယာဉ်များဖြင့် သယ်ယူခဲ့ရပြီး နေပြည်တော်သို့ ရောက်ရှိချိန်တွင်လည်း အဆင့်မြင့် စက်ယန္တရားကြီးများကို အသုံးပြု၍ ပလ္လင်တော်ပေါ်သို့ ပင့်ဆောင်ခဲ့ရပါသည်။ ဤလုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် ဘုရားဒါယကာအကြီးအကဲများ၊ ပညာရှင်များနှင့် စေတနာရှင်ပြည်သူများ၏ ကြိုးပမ်းအားထုတ်မှု၊ သဒ္ဓါတရားထက်သန်မှုတို့သည် အလွန်ပင် ချီးကျူးဂုဏ်ပြုဖွယ်ကောင်းလှပါသည်။

ကျောက်ဆစ်ပညာရှင်များ၏ လက်ရာမြောက်လှသော ထုဆစ်မှုများကြောင့် ယနေ့အချိန်တွင် ကမ္ဘာ့အံ့မခန်း ဗိသုကာနှင့် သာသနိက အဆောက်အအုံအဖြစ် ထွက်ပေါ်လာခဲ့ပြီဖြစ်ပါသည်။ ဤသည်မှာ ရုပ်ဝတ္ထုပစ္စည်းသက်သက် မဟုတ်ဘဲ မြန်မာလူမျိုးတို့၏ ဘာသာတရားအပေါ် ထားရှိသော မယိမ်းယိုင်သည့်ယုံကြည်မှုနှင့် သဒ္ဓါတရား၏ ပြယုဂ်ပင်ဖြစ်ပါသည်။

ဗိသုကာလက်ရာနှင့် ပိဋကသုံးပုံ ကျောက်စာရုံစေတီများ

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ဝန်းကျင်တွင် အံ့ဖွယ်ကောင်းသော ကျောက်စာရုံစေတီတော်များ၊ မာရဝိဇယကျောင်းတော်၊ သာသနာ့ဗိမာန်တော်ကြီး၊ သဒ္ဓါဓိပတိခေါင်းလောင်းတော်ကြီး၊ သုဓမ္မာဇရပ် များ၊ သံဃာနားနေဆောင်၊ မုစလိန္ဒအိုင်၊ နဂါးရုံဘုရား၊ မဟာရံတံတိုင်း၊ မော်ကွန်းတိုက်၊ အဝင်မုခ်ဦး၊ ဂေါပကရုံးနှင့် ရွေ့လျားစက်လှေကား စသည်တို့ကို ခိုင်ခံ့စုံလင် လှပစွာတည်ဆောက်ထားပြီး မီးအလှ များတပ်ဆင်ထားသည်ကို ကြည်နူးဖွယ်ရာတွေ့မြင် ရမည်ဖြစ်သည်။

ယူနက်စကိုစာရင်းဝင်ခဲ့သည့် ကမ္ဘာ့အကြီးဆုံး စာအုပ်ဟု တင်စားခေါ်ခဲ့ကြသော မင်းတုန်းမင်း၏ ကောင်းမှု ပဉ္စမသင်္ဂါယနာတင် မန္တလေး မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားတွင် ကျောက်စာရုံစေတီနှင့် ကျောက်စာချပ်ပေါင်း ၇၂၉ ချပ်ကို စိုက်ထူပူဇော်ထားပါသည်။ ယခု မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရှေ့တည့်တည့်တွင် အဆိုပါပုံစံပိဋကတ်ကျောက်ချပ်ရေ ၁၄၄၀ နှင့် ပင်မ ကျောက်စာ လေးချပ် စုစုပေါင်းကျောက်စာ ၁၄၄၄ ချပ်ကို ဆောက်လုပ်ပူဇော်ထားရှိပါသည်။ အလယ် ဗဟိုကျောက်စာရုံစေတီသည် အလျား ၂၁ ပေ၊ အနံ ၂၁ ပေ၊ အမြင့် ၂၇ ပေရှိပြီး အခြားကျောက်စာရုံ စေတီများမှာ အလျား ၁၂ ပေ၊ အနံ ၁၂ ပေ၊ အမြင့် ၁၈ ပေရှိကာ ဆဋ္ဌမသင်္ဂါယနာမူဖြစ်သည့် ပိဋကတ် တော်လာကျမ်းစာများကို ပါဠိအက္ခရာနှင့် ရိုမန် ဘာသာတို့ဖြင့် ရေးသားပူဇော်ထားပါသည်။

အဆိုပါကျမ်းစာများကို ဆရာတော်ကြီးများက စနစ်တကျပြုစုရေးမှတ်ကြပြီး CNC စက်ကြီးများဖြင့် ခေတ်မီစွာ ထိုးထွင်းရေးသားထားခြင်းဖြစ်ပါသည်။ ဤခမ်းနားလှသော ဗိသုကာလက်ရာများသည် တန်ဆောင်တိုင်ပွဲတော်ညများတွင် ရောင်စုံမီးများ၏ အလင်းရောင်အောက်တွင် ပိုမို၍ သပ္ပာယ်စွာ ကိန်းဝပ်စံပယ်တော်မူနေမည်ဖြစ်ပါသည်။

တန်ဆောင်တိုင်ပွဲတော်၏အနှစ်သာရနှင့် ကြတ္တိကာနက္ခတ်သဘင်

မြန်မာ့ရိုးရာ တန်ဆောင်တိုင်ပွဲတော်သည် ကြတ္တိကာနက္ခတ် ထွန်းလင်းတောက်ပသော တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပလေ့ရှိပါသည်။ တန်ဆောင်မုန်းလပြည့်နေ့သည် တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိစေတီတော်မြတ်ကြီးအား ရည်မှန်း၍ ဆီမီးများ၊ မီးပုံးပျံများဖြင့် ပူဇော်ကြသည့် ကြတ္တိကာနက္ခတ်သဘင်ပွဲတော် ဖြစ်ပါသည်။

ရှေးမြန်မာမင်းများ လက်ထက်ကတည်းကပင် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို ကျင်းပခဲ့ကြပြီး ရဟန်းသံဃာတော်များအား ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲများကိုလည်း ဤလတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါသည်။ ဤကာလသည် ဗုဒ္ဓဘာသာဝင်တို့၏ သဒ္ဓါတရား အထက်သန် ဆုံးအချိန်ဖြစ်ပြီး မိမိတို့တတ်နိုင်သမျှ ဒါန၊ သီလ၊ ဘာဝနာကုသိုလ်များကို ပွားများအားထုတ်ကြသည့် မင်္ဂလာရှိသော အချိန်အခါလည်းဖြစ်ပါသည်။

တန်ဆောင်မုန်းလပြည့်ညသည် ‘ဆေးပေါင်းခသည့်ည’ဟု မြန်မာတို့အစဉ်အလာ ယုံကြည်လက်ခံ ထားကြရာ ထိုညချမ်းတွင် မဲဇလီဖူးသုပ်ကို ဆေးဝါးဓာတ်စာအဖြစ် မိသားစုများ၊ မိတ်ဆွေများ နှင့်အတူ ဝေမျှစားသုံးကြသည့် ကြည်နူးဖွယ် ရိုးရာဓလေ့တစ်ခုလည်းရှိပါသည်။ ထို့ကြောင့် တန်ဆောင်တိုင်ပွဲတော်သည် ရိုးရာယဉ်ကျေးမှု၊ ဘာသာရေးယုံကြည်မှုနှင့် ပျော်ရွှင်မှုတို့ ပေါင်းစည်း နေသော ထူးခြားသည့်ပွဲတော်ကြီးတစ်ခုဖြစ်ပြီး မျိုးဆက်သစ်များထံသို့ လက်ဆင့်ကမ်းရမည့် အမွေအနှစ်တစ်ခုလည်းဖြစ်ပါသည်။

မာရဝိဇယ တန်ဆောင်တိုင် မီးထွန်းပွဲတော်၏ ခမ်းနားမှု

ယခုနှစ် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို အလွန်ခမ်းနား ကြီးကျယ်စွာ ကျင်းပသွားမည်ဖြစ်ပါသည်။ ပွဲတော်ရက်များအတွင်း ဘုရားပရိဝုဏ်တစ်ခုလုံးကို ရောင်စုံမီးများ၊ ဆီမီးခွက်ထောင်ပေါင်းများစွာဖြင့် လှပစွာ ထွန်းညှိပူဇော်သွားမည်ဖြစ်ရာ ညအချိန်တွင် အလွန်ပင် ကြည်နူးဖွယ်ရာမြင်ကွင်းကို တွေ့မြင်ရမည်ဖြစ်ပါသည်။

ရောင်စုံမီးများဖြင့် လှပစွာမွမ်းမံထားသော မာရဝိဇယရင်ပြင်တော်သည် ဘုရားဖူးလာမိသားစု များအတွက် စိတ်ကြည်နူးဖွယ်ရာပတ်ဝန်းကျင်ကို ဖန်တီးပေးပါသည်။ ထို့ပြင် ဈေးတန်းများနှင့် ရိုးရာ ဖျော်ဖြေရေးအစီအစဉ်များကလည်း ပွဲတော်ကို ပိုမိုစည်ကားသိုက်မြိုက်စေမည်ဖြစ်ပါသည်။ ဤသို့ ခမ်းနားစွာကျင်းပခြင်းသည် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုစွမ်းပကားကို ဖော်ထုတ်ပြသခြင်းဖြစ်ပြီး ပြည်သူများအတွက် စိတ်အပန်းပြေစေမည့် အကောင်းဆုံးသော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီး ပေးခြင်းလည်းဖြစ်ပါသည်။ ခေတ်မီ မီးအလင်းရောင် အလှအပများနှင့် ရှေးရိုးရာဓလေ့တို့၏ပေါင်းစပ်မှုက မာရဝိဇယတန်ဆောင်တိုင်ကို ပိုမိုထူးခြားစေပါသည်။

စူဠာမဏိစေတီတော်အား ရည်မှန်းပူဇော်သည့် ရိုးရာမီးပုံးပျံပွဲတော်

မာရဝိဇယတန်ဆောင်တိုင်ပွဲတော်၏ အထူးခြားဆုံးနှင့် လူအများစိတ်ဝင်စားမှုအခံရဆုံးသော အစီအစဉ်မှာ မြန်မာ့ရိုးရာမီးပုံးပျံလွှတ်တင်ပူဇော်ခြင်းပင်ဖြစ်ပါသည်။ တန်ဆောင်မုန်းလပြည့်ညတွင် တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိစေတီတော်မြတ်ကြီးအား ရည်မှန်း၍ ရိုးရာမီးပုံးပျံကြီးများကို ကောင်းကင်ယံသို့ လွှတ်တင်ပူဇော်သည့် အစဉ်အလာသည် မြန်မာတို့၏ ဘာသာရေးယုံကြည်မှုနှင့် အနုပညာစွမ်းပကားကို ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။ မီးပုံးပျံများကို “စိန်နားပန်မီးပုံးပျံ”နှင့် “ညမီးကြီးမီးပုံးပျံ”ဟူ၍ အဓိကအမျိုးအစားခွဲခြား လွှတ်တင်လေ့ရှိပါသည်။ စိန်နားပန်မီးပုံးပျံများတွင် ဆီမီးခွက်ငယ်လေးများ သို့မဟုတ် ရောင်စုံမီးလုံး ငယ်လေးများတပ်ဆင်ကာ ဗုဒ္ဓဝင်ရုပ်ပုံများ၊ ကနုတ်ပန်းအလှများဖြင့် ရေးဆွဲဖန်တီးထားပြီး ကောင်းကင်ယံတွင် ကြယ်တာရာများအလား လှပစွာ တောက်ပနေတတ်ပါသည်။ ညမီးကြီးမီးပုံးပျံများမှာမူ ကောင်းကင်ယံသို့ရောက်ရှိချိန်တွင် မီးရှူး မီးပန်းများ အဆင့်ဆင့်ပစ်ဖောက်ကာ မြင်ကွင်းကို အံ့မခန်း ကြည်နူးဖွယ်ရာဖြစ်စေပါသည်။

ဤမီးပုံးပျံကြီးများ ဖန်တီးရန်အတွက် ပညာရှင်များနှင့် ဒေသခံပြည်သူများသည် လနှင့်ချီ၍ စုပေါင်းအားဖြင့် ကြိုးပမ်းရက်လုပ်ကြရပါသည်။ ထို့ကြောင့် မီးပုံးပျံပွဲတော်သည် အလှအပသက်သက် သာမဟုတ်ဘဲ မြန်မာလူမျိုးတို့၏ စည်းလုံးညီညွတ်မှု၊ စုပေါင်းလုပ်ဆောင်တတ်မှုနှင့် ကိုယ်ပိုင်ယဉ်ကျေးမှု ကို မြတ်နိုးထိန်းသိမ်းမှုတို့ကိုပါ ပေါ်လွင်စေပါသည်။ မာရဝိဇယရင်ပြင်တော်မှ လွှတ်တင်လိုက်သော မီးပုံးပျံကြီးများသည် နေပြည်တော်၏ ညကောင်းကင်ယံတွင် သဒ္ဓါတရား၏ပြယုဂ်အဖြစ် လင်းလက်တောက်ပနေမည်ဖြစ်ပါသည်။

နိုင်ငံ၏ အချက်အချာလုံခြုံအေးချမ်းသော နေပြည်တော်မြို့တော်

နေပြည်တော်သည် မြန်မာနိုင်ငံ၏ ပထဝီဝင် အနေအထားအရ အလယ်ဗဟိုအချက်အချာ ကျသောနေရာတွင် တည်ရှိသည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြည်သူများ အလွယ်တကူ လာရောက်နိုင်သောမြို့တော်ဖြစ်ပါသည်။ ယခုအခါတွင် ရထား၊ ကား၊ လေကြောင်း ခရီးစဉ်များ စသည်ဖြင့် နိုင်ငံ၏မည်သည့်ဒေသမှမဆို လုံခြုံစိတ်ချစွာ လာရောက်နိုင်ပြီဖြစ်ရာ ခရီးသွားလာရေးမှာ များစွာပိုမိုအဆင်ပြေ ချောမွေ့လျက်ရှိပါသည်။ ထို့ပြင် နေပြည်တော်သည် နိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်သည်နှင့်အညီ မြို့ပြလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို အထူးဂရုပြု ဆောင်ရွက်ထားရှိသဖြင့် အလွန်လုံခြုံအေးချမ်းသော မြို့တစ်မြို့အဖြစ် ရပ်တည်လျက်ရှိပါသည်။ နေ့ဘက်တွင်သာမက ညဘက်ပွဲတော်လာရောက် လည်ပတ်သူများအနေဖြင့်လည်း စိတ်အေးချမ်းသာစွာ၊ လုံခြုံစိတ်ချစွာဖြင့် သွားလာလည်ပတ်နိုင်ကြပြီး နိုင်ငံတော်၏ အချက်အချာ အေးချမ်းသာယာသည့် အရသာကို အပြည့်အဝခံစားနိုင်မည် ဖြစ်ပါသည်။

စိမ်းလန်းသန့်ရှင်းပြီး ခေတ်မီသောမြို့ပြအလှနှင့် လည်ပတ်စရာများ

နေပြည်တော်ကို “အစိမ်းရောင်မြို့တော် (Green City)၊ သန့်ရှင်းသောမြို့တော် (Clean City) နှင့် စမတ်မြို့တော် (Smart City)”ဟူသော ခေတ်မီမြို့ပြမျှော်မှန်းချက်များဖြင့် စနစ်တကျအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ကျယ်ဝန်းသောလမ်းမကြီးများ၊ စနစ်ကျသော မြေအသုံးချမှု များနှင့်အတူ မြို့ပြစိမ်းလန်းရေးစီမံကိန်းများအရ စိုက်ပျိုးထားသောအရိပ်ရပင်များ၊ အလှပန်းပင်များ က မြို့တော်၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟန်ချက်ညီမှုကို ပိုမိုကောင်းမွန်စေပါသည်။ ဤသို့ သော မြို့ပြဖွဲ့စည်းတည်ဆောက်ပုံသည် လူထောင်ပေါင်းများစွာလာရောက်မည့် မာရဝိဇယတန်ဆောင် တိုင်ပွဲတော်ကြီးအတွက် သန့်ရှင်းသာယာသော ပတ်ဝန်းကျင်ကို ဖန်တီးပေးထားပါသည်။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင်ပွဲတော်သို့ လာရောက်ကြသော ဘုရားဖူးပြည်သူများအနေဖြင့် ပွဲတော်အပြင် အခြားသော အထင်ကရနေရာများသို့လည်း သွားရောက်လေ့လာနိုင်ပါသည်။ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ နေပြည်တော် ရေပန်းဥယျာဉ်၊ အမျိုးသားပြတိုက်၊ တိရစ္ဆာန်ဥယျာဉ်၊ အမျိုးသားအထိမ်းအမှတ် ဥယျာဉ် အစရှိသည့် လည်ပတ်စရာနေရာများစွာ ရှိနေခြင်းကလည်း နေပြည်တော်ခရီးစဉ်ကို ပိုမို ပြည့်စုံစေပါသည်။ လာရောက်လည်ပတ်ကြသူများ သက်သောင့်သက်သာ တည်းခိုနားနေနိုင်ရန်အတွက်လည်း နိုင်ငံတကာအဆင့်မီဟိုတယ်ကြီးများနှင့် တည်းခိုခန်းများစွာကို ပြည့်စုံစွာဝန်ဆောင်မှုပေး လျက်ရှိပါသည်။

မြို့တော်၏ စားသောက်ဖွယ်ရာများနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှု

ပြည်ထောင်စုနယ်မြေ မြို့တော်ဖြစ်သည်နှင့်အညီ နေပြည်တော်တွင် ဒေသအစားအစာများ သာမကဘဲ မြန်မာနိုင်ငံအနှံ့အပြားမှ တိုင်းရင်းသား ရိုးရာအစားအစာများနှင့် ဒေသခံအစားအစာ အမျိုးမျိုးကို တစ်နေရာတည်းတွင် မြည်းစမ်းနိုင်ပါသည်။ အဆင့်မီစားသောက်ဆိုင်ကြီးများမှသည် ရိုးရာအစားအစာတန်းများအထိ စုံလင်စွာရရှိနိုင်သဖြင့် ဘုရားဖူးဧည့်သည်များအတွက် စားသောက် ရေး အထူးအဆင်ပြေလှပါသည်။ ဤသို့သော ပွဲတော်များမှတစ်ဆင့် နိုင်ငံ့စီးပွားရေးနှင့် ဒေသခံ များ၏ အလုပ်အကိုင် အခွင့်အလမ်းများကိုတိုးတက်စေရုံသာမက နေပြည်တော်ကို မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့် သာသနာရေးဆိုင်ရာ ခရီးသွား ဗဟိုချက်အဖြစ်ပါ နိုင်ငံတကာသို့ ထိုးဖောက်နိုင် မည့်အခွင့်အလမ်းကောင်းတစ်ရပ်လည်း ဖြစ်ပါသည်။

သဒ္ဓါတရား၊ ကုသိုလ်တရားနှင့် ပြည်သူတို့၏ စိတ်ပိုင်းဆိုင်ရာအေးချမ်းမှု

မာရဝိဇယတန်ဆောင်တိုင်ပွဲတော်သို့ လာရောက်ကြသော ပြည်သူများသည် ရုပ်ပိုင်းဆိုင်ရာပျော်ရွှင်မှု အတွက်သာမက စိတ်ပိုင်းဆိုင်ရာအေးချမ်းမှုနှင့် ကုသိုလ်တရားများကိုပါ ရှာဖွေကြခြင်းဖြစ်ပါသည်။ စေတီပုထိုးများကို ဖူးမြော်ခြင်း၊ ဆီမီးထွန်းညှိခြင်း၊ လှူဒါန်းပေးကမ်းခြင်း(ဒါန)တို့သည် ဗုဒ္ဓဘာသာဝင် တို့၏ မရှိမဖြစ်လိုအပ်သော သဒ္ဓါတရားများဖြစ်ပါ သည်။ ကျယ်ဝန်းလှသော ဘုရားပရိဝုဏ်အတွင်း ညချမ်းအချိန် လမ်းလျှောက်ဖူးမြော်ရင်း သန့်ရှင်း သောလေကိုရှူရှိုက်ခြင်းသည် ခန္ဓာကိုယ်ကျန်းမာ ရေးအတွက် ကောင်းမွန်စေရုံသာမက စိတ်ဖိစီးမှုများ ကိုလျှော့ချပေးနိုင်ပါသည်။ ဘုရားဖူးပြည်သူများ၏ မျက်နှာပေါ်ရှိ ကြည်လင်သောအပြုံးများ၊ မေတ္တာထား၍ အချင်းချင်းကူညီဖေးမမှုများသည် မာရဝိဇယ ရင်ပြင်တော်ထက်တွင် သဒ္ဓါတရားနှင့် ကုသိုလ် တရားတို့ မည်မျှအထိ ကြီးမားစွာဆုံစည်းနေကြောင်းကို သက်သေပြနေပါသည်။ ဤသည်မှာ ရုပ်ဝတ္ထု ပစ္စည်းများဖြင့် တိုင်းတာ၍မရသော တန်ဖိုးမဖြတ်နိုင်သည့် စိတ်ပိုင်းဆိုင်ရာချမ်းသာမှုပင် ဖြစ်ပါ သည်။

အချုပ်အားဖြင့်ဆိုရသော် မာရဝိဇယ တန်ဆောင်တိုင်ပွဲတော်သည် သဒ္ဓါတရား၊ ကုသိုလ်တရားနှင့် မြန်မာ့ရိုးရာပွဲတော်အလှတရားတို့ အချိုးကျစွာ ဆုံစည်းရာ မင်္ဂလာအခါသမယကြီးပင် ဖြစ်ပါသည်။ နေပြည်တော်၏ ကြီးကျယ်ခမ်းနားသော မြို့ပြဂေဟစနစ်၊ လုံခြုံစိတ်ချရမှု၊ လွယ်ကူ ချောမွေ့သောသယ်ယူပို့ဆောင်ရေးနှင့် အံ့မခန်း ရိုးရာမီးပုံးပျံလွှတ်တင်မှုများနှင့်အတူ ဘုရားဖူး ပြည်သူများအနေဖြင့် စိတ်အေးချမ်းသာစွာ ကုသိုလ်ယူဖူးမြော်နိုင်မည်ဖြစ်ပါသည်။

ထို့ကြောင့် ယခုနှစ် တန်ဆောင်မုန်းလပြည့် အခါသမယတွင် ကုသိုလ်ရေး၊ ယဉ်ကျေးမှုနှင့် စိတ်အပန်းဖြေရေးတို့အတွက် အကောင်းဆုံးခရီးစဉ် တစ်ခုဖြစ်သည့် နေပြည်တော် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၏ တန်ဆောင်တိုင်မီးထွန်းပွဲတော်သို့ မိသားစု၊ မိတ်ဆွေသင်္ဂဟများနှင့်အတူ လာရောက်ဆင်နွှဲကြပါရန် နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။ ။

မူရင်းသတင်း — Myanmar Digital News