
စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် MSMEs ဈေးရောင်းပွဲ၊ တန်ဆောင်တိုင်မီးမျှောပွဲ၊ နိဗ္ဗာန်ဈေးပွဲတော်နှင့် တေးဂီတဖျော်ဖြေပွဲတို့ကို လာမည့် နိုဝင်ဘာ (၂၂) ရက်မှ (၂၄) ရက်အထိ (၃) ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲတော်ကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ (နိုဝင်ဘာ ၁၆ ရက်) က ပုသိမ်မြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ပွဲတော်ကျင်းပမည့်ရက် နီးကပ်လာပြီဖြစ်သည့်အတွက် သက်ဆိုင်ရာကော်မတီများအနေဖြင့် လုပ်ငန်းတာဝန်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်၊ အသုံးစရိတ်များကို စနစ်တကျစိစစ်သုံးစွဲရန်နှင့် ပြည်သူများ စိတ်အေးချမ်းပျော်ရွှင်စွာ အပန်းဖြေနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ပွဲတော်ကာလအတွင်း ပုသိမ်မြို့ မြို့တော်ခန်းမရှေ့၌ တေးဂီတဖျော်ဖြေပွဲများကိုလည်း ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံကျော်တေးသံရှင်များဖြစ်သည့် Example၊ Htun Htun၊ J-Fire၊ Bobby Soxer၊ Miracle၊ နန်းခင်ဇေယျာနှင့် နွေးနွေးချစ်ဖွယ်တို့အပါအဝင် ဂီတအနုပညာရှင်များက ညစဉ် (၇) နာရီမှစတင်၍ သီဆိုဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ဈေးဆိုင်ခန်းများကို လာမည့် နိုဝင်ဘာ (၂၂) ရက်မှ (၂၃) ရက် အထိ ကမ်းနားလမ်း ရှုခင်းသာရင်ပြင်ရှေ့မှ ရွှေစေတီလမ်းထိပ်အထိ ဖွင့်လှစ်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါဈေးဆိုင်ခန်းများတွင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချလိုသည့် လုပ်ငန်းရှင် များအနေဖြင့် ပုသိမ်မြို့နယ်စည်ပင်သာယာရေးကော်မတီသို့ ဆက်သွယ်၍ ဈေးဆိုင်ခန်းလျှောက်ထား နိုင်ကြောင်း သိရသည်။