Myanmar Digital News

M-League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲတွင် အား/ကာသိပ္ပံအသင်း ဂိုးပြတ်နိုင်ပွဲရယူ

ရန်ကုန်     နိုဝင်ဘာ     ၁၆

M-League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် ၂၄ နောက်ဆုံးနေ့ကို နိုဝင်ဘာ ၁၆ ရက်က ဗဟန်းကွင်း၌ ဆက်လက်ကျင်းပရာ အား/ကာသိပ္ပံအသင်းက ရှမ်းယူနိုက်တက်အသင်းကို ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။  

အား/ကာသိပ္ပံအသင်းသည် ချန်ပီယံမျှော်လင့်ချက်အတွက် ရှမ်း ယူနိုက်တက်ကို ဂိုးပြတ်သွင်းယူခဲ့ပြီး ထိပ်ဆုံးမှ ရန်ကုန်ယူနိုက်တက် အသင်းကို နှစ်မှတ်အကွာဖြင့် ဖိအားပေးလျက်ရှိသည်။ လက်ကျန်နှစ်ပွဲအလိုတွင် ချန်ပီယံဆုအတွက် ရန်ကုန်ယူနိုက်တက်နှင့် အား/ကာသိပ္ပံအသင်း အပြိုင်လုရမည်ဖြစ်ပြီး ပွဲစဉ်(၂၅) တွင် နိုင်ပွဲကိုယ်စီရပါက ထိပ်တိုက်တွေ့ဆုံမည့် နောက်ဆုံးပွဲမှာ အဆုံးအဖြတ်ဖြစ်လာမည်ဖြစ်သည်။ အား/ကာသိပ္ပံအသင်းအတွက် ဂိုးများကို ၈၊ ၂၆၊ ၅၄ မိနစ်တွင် ထွန်းကိုကိုဦး၊ ၂၄ မိနစ်တွင် ကောင်းခန့်ကျော်၊ မိနစ် ၄၀ တွင် မင်းကိုခန့်တို့က သွင်းယူပြီး ရှမ်းယူနိုက်တက်အသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၄၃ မိနစ်တွင် ကောင်းခန့်ဟိန်းက သွင်းယူခဲ့သည်။ ပွဲစဉ်(၂၄)အပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းက ၅၈ မှတ်၊ အား/ကာသိပ္ပံအသင်းက ၅၆ မှတ်၊ ဒဂုံစတားယူနိုက်တက်အသင်းက ၅၂ မှတ်၊ ရတနာပုံအသင်းက ၄၅ မှတ်၊ ရန်ကုန်စီးတီးအသင်းက ရမှတ် ၄၀၊ ရှမ်းယူနိုက်တက်အသင်းက ၃၈ မှတ်၊ Falcon အသင်းနှင့် Galaxy အသင်းက ၃၃ မှတ်စီ၊ သစ္စာအားမာန်အသင်းက ရမှတ် ၃၀၊ ဟံသာဝတီယူနိုက်တက်အသင်းက ၂၄ မှတ်၊ ဧရာဝတီယူနိုက် တက်အသင်းက ၂၂ မှတ်၊ စစ်ကိုင်းယူနိုက်တက်အသင်းက ၂၁ မှတ်၊ မြဝတီအသင်းက ၁၁ မှတ်၊ Chinland အသင်းက ရှစ်မှတ်ရရှိထားသည်။

သတင်း-ကိုညီလေး

ဓာတ်ပုံ-MLeague

မူရင်းသတင်း — Myanmar Digital News