
သန့်ဇင် (NP News) - နိုဝင်ဘာ ၁၈
လွှတ်တော်နှင့်အစိုးရသက်တမ်း (၅) နှစ်အတွင်း တကယ်ဆောင်ရွက်ပေးနိုင်မည့် ကတိများကိုသာပေးရန် ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌဦးသန်းထွန်းဦးက ယမန်နေ့(နိုဝင်ဘာ ၁၇ ရက်) နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-3) အစည်းအဝေးခန်းမ၌ ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်သူ့လွှတ်တော်အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့တို့နှင့်ပူးပေါင်း ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် လွှတ်တော်တွင် မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့် ကြယ်ပွင့်မပြမေးခွန်းများအား အကောင်အထည်ဖော်မှုကို ဝန်ကြီးဌာနအချင်းချင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအကြား ချိတ်ဆက်ဆောင်ရွက်ရမည့်ကတိများကို တာဝန်ယူပူးပေါင်းဆောင်ရွက်နိုင်ရန် ကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဆိုသည်။
ကတိဖြစ်ထားသည့်လုပ်ငန်းများကို သတ်မှတ်ဘဏ္ဍာနှစ်အတွင်း ပြီးစီးစေရန် သတ်မှတ်ဘတ်ဂျက်အတွင်း ထည့်သွင်းလျာထား ဆောင်ရွက်ရန်နှင့် လွှတ်တော်နှင့်အစိုးရသက်တမ်း (၅) နှစ်အတွင်း အမှန်တကယ်ဆောင်ရွက်ပေးနိုင်မည့် ကတိများကိုသာ ပေးအပ်ရန်လိုအပ်ကြောင်း ကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြောကြားခဲ့သည်။
ဝန်ကြီးဌာနများအနေဖြင့်လည်း လုပ်ငန်းပြီးစီးမှုစာရွက်စာတမ်း အထောက်အထားနှင့် မှတ်တမ်းဓာတ်ပုံများကို ကော်မတီသို့တင်ပြ ပေးပို့ရန်နှင့် လွှတ်တော်ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ကွင်းဆင်းစစ်ဆေးရမည့်ကိစ္စရပ်များနှင့် လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံ လိုအပ်ချက်များကို လွှတ်တော်မှတ်တမ်းအတိုင်း အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်းပြီးစီးအောင် လက်တွေ့ကျကျ ပေါင်းစပ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဆိုသည်။
ယခုအစည်းအဝေးတွင် လွှတ်တော်အစည်းအဝေးကာလများအတွင်း မေးမြန်းခဲ့သည့်မေးခွန်းများအနက် ကတိကဝတ်ဖြစ်ပေါ်ခဲ့သည့် ကြယ်ပွင့်ပြကတိဖြစ် မေးခွန်း (၆၄) ခုနှင့် ကြယ်ပွင့်မပြကတိဖြစ် မေးခွန်း (၇၈) ခု၊ စုစုပေါင်း (၁၄၂) ခု နှင့်ပတ်သက်ပြီး ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြောကြားခဲ့သည်။