NP News

တိုးတက်မှုများကို လက်တွေ့ပြရန်တာဝန်က မြန်မာဘက်တွင်သာရှိနေဟု ဖိလစ်ပိုင်သမ္မတ ပြော

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၈

အာဆီယံဘုံသဘောတူညီချက် (၅) ရပ်အကောင်အထည်ဖော်ရေးနှင့်ပတ်သက်၍ အာဆီယံခေါင်းဆောင်များအကြား ဆွေးနွေးမှုများပြုလုပ်ပြီးနောက် နိုင်ငံအတွင်း ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရန်အတွက် ခိုင်မာသောတိုးတက်မှုများကို လက်တွေ့ပြသရန်တာဝန်မှာ လက်ရှိ မြန်မာ့ခေါင်းဆောင်ပိုင်းအပေါ်တွင် မူတည်နေပြီဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတမားကို့စ် ဂျူနီယာက ပြောကြားခဲ့သည်။

နိုဝင်ဘာလ (၁၇) ရက်က ကျင်းပခဲ့သည့် (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ပိတ်ပွဲအခမ်းအနားအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သမ္မတမားကို့စ်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်တိုးတက်စေရန်အတွက် သက်ဆိုင်သူအားလုံး၏ ကြိုးပမ်းအားထုတ်မှုများ လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
​“အခုဆိုရင်လုပ်ဆောင်ရမယ့်တာဝန် (ဘောလုံး) ဟာ မြန်မာနိုင်ငံနဲ့လက်ရှိခေါင်းဆောင်ပိုင်းရဲ့ လက်ထဲမှာပဲ အပြည့်အဝ ရှိနေပါပြီ” ဟု မားကို့စ်က ဆိုသည်။
အာဆီယံအနေဖြင့် အကူအညီများ ပေးအပ်ရန် ဆက်လက်ဆန္ဒရှိနေသော်လည်း မြန်မာအာဏာပိုင်များနှင့် အခြားသက်ဆိုင်သူများဘက်မှ တိုးတက်မှုများကို လက်တွေ့ပြသရန် မျှော်လင့်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့အပြင် ဖိလစ်ပိုင်သမ္မတက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး၊ အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးရေးနှင့် ပဋိပက္ခတိုက်ခိုက်မှုများ ရပ်စဲရေးတို့၏ အရေးပါပုံကိုလည်း မီးမောင်းထိုးပြခဲ့ပြီး နိုင်ငံ၏ နိုင်ငံရေးအခြေအနေသည် မြန်မာနိုင်ငံသားများ ဦးဆောင်ပြီး မြန်မာနိုင်ငံသားများ ကိုယ်တိုင်ပိုင်ဆိုင်သည့်လုပ်ငန်းစဉ်အဖြစ် ဆက်လက်ရှိနေရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
အာဆီယံခေါင်းဆောင်များသည် ဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်ရာ၌ အထူးသဖြင့် အာဆီယံတွင် မြန်မာနိုင်ငံ၏ ကိုယ်စားပြုခွင့်ကို ပြန်လည်ပေးအပ်ရေးကိစ္စရပ်တွင်အခြေအနေအပေါ်ချိန်ဆ၍ တိုးတက်မှုအပေါ်အခြေခံသည့်ချဉ်းကပ်မှုပုံစံကို ကျင့်သုံးသွားရန် သဘောတူညီခဲ့ကြသည်။

မူရင်းသတင်း — NP News