Myanmar Digital News

တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သည့် ၂၀၂၆ ခုနှစ် ကချင်ရိုးရာ ကောက်သစ်စား (အင်လုံအင်နန်ရှား)ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

မြစ်ကြီးနား နိုဝင်ဘာ ၁၇

 

ကချင်ပြည်နယ်အတွင်းရှိ ဌာနေတိုင်းရင်းသားတို့၏ ထင်ရှားသည့် ရိုးရာပွဲတော်တစ်ခုဖြစ်ပြီး နှစ်စဉ် ဆန်စပါးနှင့် ကောက်ပဲသီးနှံ ရိတ်သိမ်းပြီးချိန်တွင် ကျင်းပသည့် ကချင်ရိုးရာကောက်သစ်စား (အင်လုံ အင်နန်ရှား)ပွဲတော်ကို ယခုနှစ်တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ကချင်လူမျိုး ရိုးရာ ယဉ်ကျေးမှုအသင်းချုပ်တို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ဌာနေတိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

 

ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး

 

ကချင်ရိုးရာ ကောက်သစ်စားပွဲတော်မုခ်ဦးကို ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်ထောင်စုအတိုင်ပင်ခံ ကောင်စီဝင် ဒေါ်ဒွဲဘူ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှု အသင်းချုပ်ဥက္ကဋ္ဌနှင့် ငြိမ်းချမ်းရေးအကျိုးဆောင် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

ဆက်လက်၍ ကချင်ရိုးရာကောက်သစ်စား (အင်လုံအင်နန်ရှား)ပွဲတော် ကျေးဇူးတော်ချီးမွမ်းပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ပွဲတော်သည် ကချင်လူမျိုးများ၏ ဘိုးဘေး စဉ်ဆက် လက်ထက်ကတည်းက ကျင်းပကြသည့် ရိုးရာပွဲတော်များအနက် ထင်ရှားသည့် အင်လုံအင်နန် ရှားပွဲ(ခေါ်) ရိုးရာကောက်သစ်စားပွဲ ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုကဲ့သို့ မိမိတို့၏ရိုးရာပွဲတော်ကို ဌာနေ တိုင်းရင်းသားများအားလုံးနှင့် အတူတကွ ချစ်ခင် စည်းလုံးစွာ ပါဝင်တက်ရောက်ချီးမြှင့်ပေးပါသော ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများအားလုံးကို ကျေးဇူးအထူးပင်တင်ရှိပါကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီးရာပြည့်က ကချင်တိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှုပွဲတော်ကို အတူတကွ ပါဝင်ဆင်နွှဲခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ကောက်သစ်စားပွဲတော်၏ အနှစ်သာရဖြစ်သည့် စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ ဘိုးဘေးများ၏ ရိုးရာ ဓလေ့ကို တန်ဖိုးထားထိန်းသိမ်းခြင်းနှင့် ဆန်ရေစပါး ပေါကြွယ်ဝခြင်းကို ဖော်ဆောင်ပြီး တိုင်းရင်းသား အားလုံး၏ စည်းလုံးညီညွတ်ခြင်းကို ထုတ်ဖော်ပြသ ခြင်းဖြစ်သည့်အတွက် နိုင်ငံတော်အတွက်သာမက ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှု၊ စည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းသာယာဝပြောမှုတို့ကို ယခုထက်ပိုမို တိုးတက်မြင့်မားလာပါစေကြောင်း ပြောကြားသည်။

 

ယင်းနောက် ကျေးဇူးတော်ချီးမွမ်းဝတ်ပြုခြင်း အစီအစဉ်ကို ဘာသာရေးအသင်းအဖွဲ့အသီးသီးမှ ဓမ္မဆရာများ၊ သိက္ခာတော်ရဆရာများက ဦးဆောင်၍ အဖွင့်ကျမ်းစာ ဖတ်ကြားခြင်း၊ ဆုတောင်းဆက်ကပ်ခြင်း၊ ဓမ္မတေးသီချင်းသီဆိုခြင်းနှင့် တိုင်းရင်းသား၊ တိုင်းရင်းသူလေးများ၏ ကောက်ပဲသီးနှံ တေးကဗျာ ရွတ်ဆိုချီးမွမ်းခြင်း၊ ဓမ္မဒေသနာတော် ဟောပြောခြင်း၊ ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် အထူး ဆုတောင်းဆက်ကပ်ခြင်းတို့ကို စုပေါင်းဆောင်ရွက် ကြသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းမှူးတို့က ရိုးရာကောက်ဦး ပလိုင်းလက်ဆောင်များကို အခမ်းအနားတက်ရောက် ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ကောင်စီအဖွဲ့ဝင်နှင့် ဧည့်သည်တော်များထံ ပေးအပ်ကြပြီး ဓမ္မတေးသီချင်းသီဆိုခြင်းနှင့် ကောင်းချီးတောင်းခံ ဆုတောင်းဆက်ကပ်ပေးပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်ကြသည်။

 

ထို့နောက် တက်ရောက်လာကြသူများက တစ်နှစ်တာအတွင်း အဦးအဖျားရရှိသော ကောက်သစ် (ဆန်)ဖြင့် ချက်ပြုတ်ထားသော နေ့လယ်စာကို အတူတကွရင်းနှီးနွေးထွေးစွာ သုံးဆောင်ကြပြီး တိုင်းရင်း သားရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။

 

ယင်းနောက် မနောတိုင်ရှေ့ မနောရင်ပြင်၌ ကချင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုတွင် အထင်ကရနှင့် အကျော်ကြားဆုံး ဖြစ်သည့်အပြင် ကချင်တိုင်းရင်းသားတို့၏ သွေးစည်းညီညွတ်မှုနှင့် ယဉ်ကျေးမှုအလှကို ဖော်ထုတ်ပြသသည့် “ထောင်ကာ” အကကို ရိုးရာတေးဂီတအဖွဲ့နှင့်အတူ ဝိုင်းဖွဲ့၍ ပျော်ရွှင်စွာ စုပေါင်းဆင်နွှဲကြသည်။

 

ဆက်လက်၍ မြစ်ကြီးနားမြို့ စီတာပူ(စက်မှု) ရပ်ကွက်အတွင်း ကချင်ပြည်နယ်ကျောက်မျက် လုပ်ငန်းရှင်များအသင်း(မြစ်ကြီးနား)၏ ကျောက်စိမ်း၊ ကျောက်မျက်အချောထည် ရောင်းဝယ်ရေးစင်တာသို့ သွားရောက်၍ အချောထည် ရောင်းဝယ်ရေးစင်တာ၌ ကျောက်စိမ်း၊ ကျောက်မျက်နှင့် ပယင်းများကို အချောထည်ပြုလုပ်၍ ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် အခြေအနေများကို လှည့်လည် ကြည့်ရှုအားပေးကြပြီး ဈေးကွက်ရရှိမှု အခြေအနေများ မေးမြန်းဆွေးနွေးကာ အချောထည်ပြုလုပ် ရောင်းချနိုင်ခြင်းအပြင် ပိုမိုကောင်းမွန်သည့် အရည်အသွေးနှင့် ခေတ်မီဒီဇိုင်းသစ်များ ထုဆစ်ရောင်းချခြင်းဖြင့် ဈေးကွက်ပိုမိုရရှိအောင် ကြိုးစားကြရေး မှာကြားသည်။

 

ထိုမှတစ်ဆင့် မြစ်ကြီးနား ရွှေညောင်ပင်ရပ်ကွက် အတွင်း “ဂျိမ်းဖောသူ” တိုင်းရင်းသားရိုးရာရက်ကန်း လုပ်ငန်းသို့ သွားရောက်၍ ရက်ကန်းရုံအတွင်း ကချင်တိုင်းရင်းသားရိုးရာ အဆင်ဒီဇိုင်းများအား စက်ရက်ကန်း၊ လက်ရက်ကန်းစင်များဖြင့် ရက်လုပ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးကြကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News