
ကြက်ခြံတွေမှာ အလုပ်သမားတွေနေရာကို အစားထိုးဝင်ရောက်လာတော့မယ့် အမြင့် ၄ ပေရှိတဲ့ Howl လို့ အမည်ရတဲ့ လူတူစက်ရုပ်လေးအကြောင်း ကြားဖူးပါသလား။ အမေရိကန်ပြည်ထောင်စု၊ မြောက်ကာရိုလိုင်းနားပြည်နယ်တက္ကသိုလ် က သုတေသီတွေဟာ အဲဒီ လူတူစက်ရုပ်လေးကို ကြက်ခြံကြမ်းပြင်တွေမှာ ကျန်ရစ်နေတဲ့ ကြက်ဥတွေကို လိုက်လံကောက်ယူနိုင်ဖို့အတွက် အထူးလေ့ကျင့်သင်ကြားပေးနေပါတယ်။

လှောင်အိမ်မသုံးတဲ့ ခေတ်မီကြက်ခြံကြီးတွေမှာ ကြက်မတချို့ဟာ အသိုက်ထဲမှာမဥဘဲ ကြမ်းပြင်ပေါ်မှာပဲ ဥချလေ့ရှိကြပါတယ်။ ကြက်ကောင်ရေ တစ်သိန်းလောက်မွေးမြူထားတဲ့ ခြံကြီးတွေမှာဆိုရင် ကြမ်းပြင်ပေါ်ကျန်ရစ်တဲ့ ကြက်ဥအရေအတွက်ဟာ တစ်နေ့ကို ၁၅,၀၀၀ လောက်အထိတောင် ရှိနိုင်တာမို့ အလုပ်သမားတွေ ကိုယ်တိုင်လိုက်ကောက်ဖို့ဆိုတာ တော်တော်လေး လက်ဝင်တဲ့အလုပ်တစ်ခုပါ။ ဒါကြောင့် အခုအခါမှာတော့ အဲဒီ လူတူစက်ရုပ်လေးကို ကြက်ဥတွေကို ရှာဖွေဖို့၊ အနားကိုသွားရောက်ဖို့နဲ့ မကွဲအောင် ဂရုတစိုက် ကိုင်တွယ်ကောက်ယူနိုင်ဖို့ လေ့ကျင့်ပေးနေတာပဲ ဖြစ်ပါတယ်။

သုတေသီတွေဟာ အဲဒီ လူတူစက်ရုပ်လေးကို ကြက်ဥတွေကို သေသေချာချာ မှတ်မိဖို့နဲ့ ကိုင်တွယ်တတ်ဖို့အတွက် Virtual Reality (VR) နည်းပညာတွေနဲ့ ကွန်ပျူတာစနစ်တွေကိုပါ အသုံးပြုပြီး အဆင့်မြင့် သင်ကြားပေးနေတာပါ။ အဲဒီ ပရောဂျက်ကို လက်ရှိမှာ ဆက်လက်တီထွင်စမ်းသပ်နေဆဲဖြစ်ပြီး လာမယ့် ၂၀၂၇ ခုနှစ် အစောပိုင်းလောက်မှာတော့ ကြက်ဥကောက်ယူတဲ့ လက်တွေ့လုပ်ဆောင်မှုတွေကို အောင်မြင်စွာ ပြသနိုင်ဖို့ အဖွဲ့က မျှော်လင့်ထားပါတယ်။
Ref : Technology Innovation