
ကိုဖြိုး (NP News) - နိုဝင်ဘာ ၁၈
မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် ဆက်ဆံရေးကို ပြန်လည်သုံးသပ်ဆောင်ရွက်မည်ဟု အစိုးရအနေဖြင့် ဆုံးဖြတ်ထားကြောင်း ယနေ့ နိုဝင်ဘာ (၁၈) ရက်တွင် နေပြည်တော်၌ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဦးမင်းအောင်လှိုင်က နိုင်ငံတော်၏ မူဝါဒများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များပတ်သက်၍ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။
လက်ရှိ၌ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာချိန်မှစ၍ အဖွဲ့ဝင်ကြေးများကို နှစ်စဉ်မပျက် ထည့်ဝင်ခဲ့သော်လည်း လက်ရှိအာဆီယံ၏ သဘောထားထုတ်ပြန်ချက်များအပေါ် မူတည်၍ ရှေ့ဆက် ဆက်ဆံရေးကို ပြန်လည်သုံးသပ်ဆောင်ရွက်သွားရန် ဆုံးဖြတ်ထားကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းကို သမ္မတ ဦးသိန်းစိန် ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်စဉ်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး အဆိုပါစာချုပ်ပါ တိုင်ပင်ဆွေးနွေးခြင်းနှင့် တူညီဆန္ဒ (Consultation and Consensus) အခြေခံမူများကို အဖွဲ့ဝင်နိုင်ငံများက လေးစားလိုက်နာရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတက ထောက်ပြထားသည်။
"မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့အချိန်ကနေစပြီး ယနေ့အချိန်အထိ နှစ်စဉ်ကြေးတွေလည်း ပေးပါတယ်၊ တစ်နှစ်ဒေါ်လာတစ်သန်း၊ ဒီရက်ပိုင်းအတွင်းမှာပဲ နောက်ဆုံးပေးရမယ့်အရစ် ဒေါ်လာသုံးသိန်းကို ကျွန်တော်လက်မှတ်ထိုးပြီး ခွင့်ပြုပေးခဲ့ပါတယ်၊ ကျွန်တော်တို့ နှစ်စဉ်မပျက်ပါဘူး၊ ပေးပါတယ်"ဟု နိုင်ငံတော် သမ္မတက ပြောကြားခဲ့သည်။
(၂၀၂၃) ခုနှစ် မိုခါမုန်တိုင်း၊ (၂၀၂၄) ခုနှစ် ရာဂီမုန်တိုင်းနှင့် (၂၀၂၅) ခုနှစ် မန္တလေး ငလျင်ဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်ခဲ့သည့် ပျက်စီးဆုံးရှုံးမှုများအတွက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ (၁ ဒသမ ၈) ဘီလီယံအထိ သုံးစွဲခဲ့ရကြောင်း ပြောကြားချက်အရ သိရသည်။
အဆိုပါ သဘာဝဘေးအန္တရာယ်များအတွက် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ထံမှ ချေးငွေနှင့် အကူအညီများ မရရှိခဲ့သည့်အပြင် အာဆီယံထံမှလည်း တစ်နှစ်လျှင် ဒေါ်လာ (၅) သန်းနှုန်းဖြင့် စုစုပေါင်း (၃၀ ဒသမ ၁၂၅) သန်းသာ ရရှိခဲ့ကြောင်း နိုင်ငံတော် သမ္မတက ပြောသည်။
အာဆီယံဖွဲ့စည်းတည်ထောင်ချိန်မှ လက်ရှိ (၂၀၂၆) ခုနှစ်အထိ အာဆီယံ အဖွဲ့ဝင်နိုင်ငံအချို့၏ နိုင်ငံရေး အကျပ်အတည်းများ၊ အာဏာသိမ်းမှုများ၊ ရွေးကောက်ပွဲတွင် ပဋိပက္ခဖြစ်မှုများ၊ ဒီမိုကရေစီ ကျင့်သုံးသော်လည်း တင်းကြပ်သည့် ဒီမိုကရေစီနှင့် ဆောင်ရွက်မှုများ စသည့် သာဓကများစွာရှိသော်လည်း အာဆီယံအနေဖြင့် မည်သည့်ဖိအားပေးပြောဆိုမှုများ မပြုလုပ်ခဲ့သည်ကို တွေ့ရှိရကြောင်း နိုင်ငံတော်သမ္မတက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်ခုခုကို နိုင်ငံရေးအရ ဖိအားပေးခြင်း၊ နိုင်ငံကို သိက္ခာချခြင်းမျိုး မရှိခဲ့ကြောင်းနှင့် မြန်မာနိုင်ငံကိုသာ လုပ်ဆောင်သည်ကိုတွေ့ရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင် မဖြစ်မီကပင် တည်ရှိနေသည့် နိုင်ငံရေး အကျပ်အတည်းများ၊ ပဋိပက္ခများ၊ လက်နက်ကိုင် သောင်းကျန်းသူများကြောင့် ဖြစ်ပေါ်လာသည့် တရားမဝင်လုပ်ငန်းများ ယနေ့တိုင် ဖြေရှင်းနေရဆဲဖြစ်ကြောင်း၊ မိမိတို့အစိုးရလက်ထက်မှ ဖြစ်လာခြင်း မဟုတ်ကြောင်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
(၂၀၂၆) ခုနှစ်တွင် ပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေး ကြေညာချက်သည် ကျိုးကြောင်းလျော်ညီမှု မရှိကြောင်း တွေ့ရှိရကြောင်း၊ ထို့ကြောင့် မိမိတို့ နိုင်ငံအနေဖြင့် အာဆီယံနှင့် ရှေ့ဆက်ပြီး ဆက်ဆံဆောင်ရွက်ရန် ပြန်လည်သုံးသပ်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။