
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်
အီရန်နဲ့ မဟာမိတ်ဖြစ်တဲ့ ယီမင် ဟူသီအဖွဲ့က အင်္ဂါနေ့မှာ ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်ဒေသရှိ အရှေ့-အနောက် ရေနံပိုက်လိုင်းတစ်လျှောက်က ရေနံတင်ပို့စုပ်စက်စခန်း ၂ ခုဘက်ကို ဒရုန်း ၅ စင်း စုစုပေါင်း ပစ်လွှတ်တိုက်ခိုက် ခဲ့တယ်လို့ ပြောပါတယ်။ ဆော်ဒီဘက်ကတော့ အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ချက်ချင်းအတည်ပြုပြောဆိုတာ မရှိသေး ပါဘူး။
ဟူသီအဖွဲ့ဟာ ဒီလအတွင်း အဲဒီရေနံပိုက်လိုင်းကို တိုက်ခိုက်ခဲ့တယ်လို့ အကြိမ်ကြိမ် ပြောဆိုထားပြီး၊ ယီမင်နိုင်ငံမှာ နိုင်ငံတကာအသိအမှတ်ပြု အစိုးရဘက်က ထောက်ခံတဲ့ ဆော်ဒီဦးဆောင်တဲ့ မဟာမိတ် တပ်ဖွဲ့နဲ့ ဟူသီအဖွဲ့ကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခကြောင့် ဟော်မုဇ်ရေလက်ကြားကနေ ရေနံစီးဆင်းမှုတွေ ထိခိုက် လာပြီးနောက် ဆော်ဒီအာရေဗျက တစ်နေ့ကို ရေနံစိမ်းစည်ပေါင်း ၄ သန်းခန့်ကို အရှေ့-အနောက် ရေနံပိုက်လိုင်းကနေ ယန်ဘူဆိပ်ကမ်းဘက် ပြောင်းလဲပို့ဆောင်နေပါတယ်။ ဒါဟာ ကမ္ဘာ့ ရေနံထောက်ပံ့မှုရဲ့ ၄ ရာခိုင်နှုန်းခန့်နဲ့ ညီမျှ ပါတယ်။
ကမ္ဘာ့အကြီးဆုံး ရေနံတင်ပို့တဲ့နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေဗျအတွက် အဲဒီရေနံပိုက်လိုင်းဟာ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် အိမ်နီးချင်းနိုင်ငံတွေရဲ့ ရေနံတင်ပို့မှုတွေ ထိခိုက်နေချိန်မှာ စစ်ပွဲကြောင့် ဖြစ်လာတဲ့ သက်ရောက်မှုကို လျှော့ချပေးနိုင်ခဲ့ပါတယ်။
အဲဒီလိုကမ္ဘာ့ရေနံတင်ပို့မှုအတွက် အရေးပါတဲ့ ဆော်ဒီရေနံပိုက်လိုင်းကို အီရန်ကျောထောက် နောက်ခံပြုထားတဲ့ ဟူသီလက်နက်ကိုင်တွေက တိုက်ခိုက်လာတာဖြစ်ပါတယ်။ အရှေ့-အနောက် ရေနံပိုက်လိုင်း တိုက်ခိုက်ခံရပြီး ရေနံ တင်ပို့မှု ရပ်တန့်သွားရင် ဆော်ဒီအာရေဗျရဲ့ တစ်နေ့ ရေနံစိမ်းစည် ၄ သန်းခန့် တင်ပို့မှု ထိခိုက်နိုင်ပြီး ကမ္ဘာ့ရေနံ ထောက်ပံ့မှု လျော့ကျသွားနိုင်ပါတယ်။
အဲဒီအခြေအနေက ကမ္ဘာ့ ရေနံဈေးနဲ့ လောင်စာဆီဈေးတွေ မြင့်တက်လာစေပြီး သယ်ယူပို့ဆောင်ရေး စရိတ်နဲ့ ကုန်ဈေးနှုန်းတွေကိုပါ ဖိအားဖြစ်လာနိုင်ပါတယ်။
Ref – Reuters