



ရောင်ဝါ
၁၉. ၁၁. ၂၀၂၆
ရှမ်းပြည်နယ်၊ လဲချားမြို့နယ်တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရန် ခိုးဝင်လာသည့် တရုတ်နိုင်ငံသား ၂၃ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အွန်လိုင်းလိမ်လည် လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ထိရောက်ပြင်းထန် စွာ ဆောင်ရွက်လျက်ရှိရာ ဒေသအဆင့်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများပါဝင်သော ပူးပေါင်းအဖွဲ့များကလည်း သက်ဆိုင်ရာဒေသအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်နေသူများ အခြေချနိုင်ခြင်းမရှိစေရေး ဒေသခံပြည်သူများ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်အတွင်း အွန်လိုင်း လိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ကလိုအပ်သည့် ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ ရာ ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် လဲချားမြို့နယ်၊ ဝမ်ဆန့်ကျေးရွာ၏ အရှေ့ မြောက်ဘက် မီတာ ၃၄၀၀ ခန့်အကွာ နေရာ၌ အလျား ၇၀ ပေ၊ အနံ ၂၀ ပေရှိ အလုပ်ရုံ တွဲလျက် ယာယီလူနေ တဲ ၁ လုံးနှင့် အလျား ၂၀ ပေ၊ အနံ ၁၅ ပေရှိ စားချက်ဆောင် ၁ လုံး တို့ကို တွေ့ရှိရပြီး ၎င်းတို့အတွင်းမှ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ လုပ်ကိုင်ရန် နိုင်ငံအတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး ရောက်ရှိနေသည့် တရုတ်နိုင်ငံသား အမျိုးသား ၂၃ ဦး အား မောင်းပြန်သေနတ် ၃ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၁၅ တောင့်၊ လုပ်ငန်း သုံးပစ္စည်းများဖြစ်သည့် StarLink Gen3 ၂ လုံး၊ All in One Computer ၁ လုံး၊ ဖုန်းမျိုးစုံ ၃၇ လုံး၊ Router ၂ ခု၊ Solar Battery ၁ ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် စစ်ဆေးမှု ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများကို လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်ကွယ်မှ ပါဝင်ပတ်သက်သူများကိုလည်း စုံစမ်းဖော်ထုတ်ကာ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။