
ရောင်နီ (NP News) - နိုဝင်ဘာ ၁၉
ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ပြည်နယ် မှာရှိတဲ့ နာမည်ကြီး တောင်တက်ခရီးစဉ်နဲ့ စခန်းချနေရာတစ်ခုဖြစ်တဲ့ ဒွိုင်ဝါဝါဂျို မှာ အသက် (၃၀) အရွယ် အမျိုးသမီးခရီးသွားတစ်ဦး ချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျသေဆုံးခဲ့ပါတယ်။
ဖြစ်စဉ်ဟာ နိုဝင်ဘာ (၁၃) ရက် ည (၁၀) နာရီခန့်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသမီးဟာ သူငယ်ချင်းတွေနဲ့အတူ တောင်ပေါ်မှာ စခန်းချနေထိုင်စဉ် ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ သူငယ်ချင်းတွေက အချိန်အတော်ကြာ ပြန်မလာတာကြောင့် လိုက်လံရှာဖွေခဲ့ရာ ချောက်ကမ်းပါးအနီးမှာ ချော်လဲကျသွားတဲ့ အရိပ်အယောင်တွေကို တွေ့ရှိခဲ့ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေဟာ နိုဝင်ဘာ (၁၄) ရက် မနက် (၂) နာရီခန့်မှာ စခန်းချနေရာကို ရောက်ရှိခဲ့ပေမဲ့ တောင်စောင်းတွေ အလွန်မတ်စောက်တာနဲ့ ညဘက်မြင်ကွင်းမရှင်းလင်းတာကြောင့် ချက်ချင်းဆင်းကယ်ဖို့ အန္တရာယ်များခဲ့ပါတယ်။ ဒါကြောင့် အခြေအနေကိုသေချာစစ်ဆေးပြီး မနက်ပိုင်းမှသာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေဟာ ကြိုးတွေကို အသုံးပြုပြီး ချောက်အတွင်း ဆင်းသက်ရှာဖွေခဲ့ရာ မနက် ၁၀ နာရီ ၄၅ မိနစ်ခန့်မှာ တောင်ထိပ်အောက် မီတာ (၇၀) ခန့်အကွာကနေ အမျိုးသမီးရဲ့ရုပ်အလောင်းကိုပြန်လည်တွေ့ရှိခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် နမ်တောက်မဲဆူရင် အမျိုးသားဥယျာဉ် က ဒွိုင်ဝါဝါဂျိုတောင်တက်နဲ့ စခန်းချနေရာကို နိုဝင်ဘာ (၁၄) ရက်ကစပြီး နောက်ထပ်ကြေညာချက် မထုတ်ပြန်မချင်း ယာယီပိတ်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အာဏာပိုင်တွေကလည်း ခရီးသွားတွေနဲ့ အများပြည်သူအနေနဲ့ အဲဒီနေရာကို ဝင်ရောက်ခြင်းမပြုဖို့နဲ့ တာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။
ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁,၇၀၀ ကျော်မှာ တည်ရှိတဲ့ ဒွိုင်ဝါဝါဂျိုဟာ တောင်တက်ခရီးနဲ့ စခန်းချအပန်းဖြေသူတွေကြား ရေပန်းစားတဲ့ နေရာတစ်ခုဖြစ်ပြီး တောင်တန်းရှုခင်းတွေနဲ့ မနက်ခင်းမြူခိုးတွေကို ကြည့်ရှုဖို့ ခရီးသွားတွေ လာရောက်လေ့ရှိပါတယ်။ ဒါပေမဲ့ တောင်တက်လမ်းတွေ မတ်စောက်ပြီး ချောက်ကမ်းပါးတွေနဲ့ နီးကပ်နေတာကြောင့် အထူးသတိထားဖို့ လိုအပ်တဲ့နေရာလည်းဖြစ်တယ်လို့ သတိပေးထားပါတယ်။
