Voice of Myanmar

အခုနှစ် ၁၀ လအတွင်း လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၁၂၀၀ ကျော် သေဆုံးပြီး အယောက် ၂၀၀၀ နီးပါး ဒဏ်ရာရ

နိုဝင်ဘာ ၁၇ – ၂၀၂၆

SS (VOM)

အခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလကနေ အောက်တိုဘာလအထိ ၁၀ လတာကာလအတွင်း မြန်မာနိုင်ငံတဝန်းမှာ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် လူ ၁၂၀၀ ကျော် သေဆုံးပြီး အယောက် ၂၀၀၀ နီးပါး ဒဏ်ရာရခဲ့တယ်လို့ စုစည်းထားတဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်တွေဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ် အစရှိတဲ့ ဒေသတွေမှာ အဖြစ်များခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက မြန်မာနိုင်ငံက မတည်ငြိမ်တဲ့​နေရာ​တွေမှာ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ၁၄၅ ယောက် သေဆုံးကာ ၃၁၆ ယောက် ဒဏ်ရာရရှိခဲ့ပြီး အများဆုံးထိခိုက်တဲ့ ဒေသတွေကတော့ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းတို့ဖြစ်တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ရဲ့ စာရင်းအရ သိရပါတယ်။

စက်တင်ဘာလအတွင်းကလည်း လေကြောင်းဖြစ်စဉ်တွေကြောင့် သေဆုံးသူ အယောက် ၆၀ နီးပါး၊ ဒဏ်ရာရ အယောက် ၆၀ ကျော် ရှိခဲ့သလို ဩဂုတ်လအတွင်းကလည်း သေဆုံးသူ စုစုပေါင်း အယောက် ၈၀ ဝန်းကျင် ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပြီး မြေပြင်ကူညီရေးအဖွဲ့တွေနဲ့ သတင်းရင်းမြစ်တွေဆီက ရရှိတဲ့ အချက်အလက်တွေအရ လူဦးရေ ၂၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

လေကြောင်း ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ရေး၊ နိုင်ငံရေး လေ့လာစောင့်ကြည့်သူ တယောက်က “အစိုးရတပ်‌တွေက စစ်ရေးသာလွန်ချက်ကို ထိန်းသိမ်းဖို့အတွက် လေတပ်ကို တခုတည်းသော အထူး အားထားရာအဖြစ် အသုံးပြုနေကြတာ တွေ့ရတယ်။ ဒေသတွင်း လက်နက်ကိုင်တပ်တွေရဲ့ အုပ်ချုပ်ရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေးကို ဖြတ်တောက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါတာပေါ့။ ခုနောက်ပိုင်း လေယာဉ်က လာရင် တစီးတည်းဆိုတာထက် ပိုလာတာလည်း တွေ့ရတယ်။ တိုက်ခိုက်မှုလည်း ပိုစိပ်လာတယ်” လို့ ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုဟာ အစိုးရတပ်တွေအတွက် စစ်ရေးအရ အသာစီးရနိုင်ဖို့ အားကိုးအားထား ပြုနေရတဲ့ အဓိက ဗျူဟာဖြစ်သလို လက်ရှိအချိန်အထိ လက်နက်ကိုင် တပ်တွေဘက်က လေကြောင်းရန်ကာကွယ်ရေး (Air Defense) စနစ်တွေ အားနည်းနေသေးခြင်းကလည်း လေကြောင်း တိုက်ခိုက်မှုဒဏ်ကို ဆက်လက်ခံနေရတဲ့ အဓိက အကြောင်းရင်း ဖြစ်တယ်လို့ သူက ပြောပါတယ်။

လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဇူလိုင်လအတွင်းကလည်း သေဆုံးသူ အယောက် ၁၀၀ နီးပါးနဲ့ ဒဏ်ရာရသူ အယောက် ၂၀၀ ကျော် ရှိခဲ့သလို ဇွန်လအတွင်းကလည်း သေဆုံးသူ အယောက် ၆၀ ဝန်းကျင်၊ ဒဏ်ရာရသူ အယောက် ၅၀ ကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါအပြင် မေလအတွင်း သေဆုံးသူ ၂၇ ယောက်၊ ဒဏ်ရာရသူ အယောက် ၃၀ ကျော် ရှိခဲ့သလို ဧပြီလအတွင်း သေဆုံးသူ ၁၄၄ ယောက်၊ ဒဏ်ရာရသူ ၂၀၅ ယောက်၊ မတ်လအတွင်း သေဆုံးသူ ၅၁၆ ယောက်၊ ဒဏ်ရာရသူ ၄၇၇ ယောက် ရှိခဲ့တယ်လို့ မြန်မာ့ငြိမ်းချမ်းရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ (BNI-Myanmar Peace Monitor) က ထုတ်ပြန်ထားပါတယ်။

အဲဒီလိုပဲ ဖေဖော်ဝါရီလအတွင်းကလည်း ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ၂၄ ယောက် သေဆုံးပြီး ၄၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့အစည်း (WJ) က ထုတ်ပြန်ထားပါတယ်။

ဒါအပြင် ဇန်နဝါရီလအတွင်းကလည်း လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ၁၂၇ ယောက် သေဆုံးပြီး ၂၄၁ ယောက်ဝန်းကျင် ဒဏ်ရာရခဲ့တယ်လို့ Myanmar Defense & Security institute (MDSI) က ထုတ်ပြန်ထားပါတယ်။

အခုဖော်ပြခဲ့တဲ့ သတင်းအချက်အလက်တွေဟာ VOM က လက်လှမ်းမီသမျှ စုစည်းချက်တွေဖြစ်ပြီး မြေပြင်မှာ အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လူထိခိုက်၊ သေဆုံးမှု အရေအတွက်တွေနဲ့ ကွဲလွဲမှု ရှိနိုင်ပါတယ်။

Photo – CJ

မူရင်းသတင်း — Voice of Myanmar