Myanmar Digital News

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) ပထမနေ့ ကျင်းပ

ပုသိမ် နိုဝင်ဘာ ၁၈

 

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အရေးပေါ် အစည်းအဝေး(၁/၂၀၂၆) ပထမနေ့ကို ယနေ့မွန်းလွဲ ၂ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌက အမှာစကား ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဧရာဝတီတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းကို တင်သွင်းရာ တိုင်းဒေသကြီး လွှတ်တော် ပြည်သူ့ငွေစာရင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေး၊ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးရာ ကော်မတီနှင့် ဥပဒေပြုရေးဆိုင်ရာ ကော်မတီတို့၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို နိုဝင်ဘာ ၂၀ ရက်တွင် တင်သွင်းရန် လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

 

ထို့နောက် တိုင်းဒေသကြီး စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာ ရေးဝန်ကြီးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၏ ဘဏ္ဍာရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေ နှစ်ဝက် အစီရင်ခံစာကို တင်သွင်းရာ ဘဏ္ဍာရေးဆိုင်ရာ စိစစ်ရေးအဖွဲ့ (၁၁)ဖွဲ့က အစည်းအဝေးတတိယနေ့တွင် ဆွေးနွေးသွားရန်နှင့် တိုင်းဒေသကြီး လွှတ်တော် ပြည်သူ့ငွေစာရင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး၊ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးရာကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာကို အစည်းအဝေး စတုတ္ထနေ့တွင် တင်သွင်းရန် လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

 

ယင်းနောက် တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၆) ပထမနေ့ကို ရပ်နားလိုက်ကြောင်းနှင့် ဒုတိယနေ့ကို နိုဝင်ဘာ ၂၀ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News