NP News

ကချင်ပြည်နယ်သည် သဘာဝတောတောင်ရေမြေနှင့် သယံဇာတပေါကြွယ်ဝမှုရှိသောကြောင့် ငြိမ်းချမ်းရေးရရှိပါက လူတစ်ဦးချင်းစီ၏လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဟုဆို

ထိုက်စံ(NP News)-နိုဝင်ဘာ ၁၉

ကချင်ပြည်နယ်သည် သဘာဝတောတောင်ရေမြေနှင့် သယံဇာတပေါကြွယ်ဝမှုရှိသောကြောင့် ငြိမ်းချမ်းရေးရရှိပါက လူတစ်ဦးချင်းစီ၏လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားခဲ့ကြောင်း သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ယမန်နေ့(နိုဝင်ဘာ ၁၈ ရက်)က မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဘာသာရေးအသင်းအဖွဲ့ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များ၊ တိုင်းရင်းသားမျိုးနွယ်စုခေါင်းဆောင်များ၊ စာပေယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေးအတွက် အစိုးရအဆက်ဆက် မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်ခဲ့မှုများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ငြိမ်းချမ်းရေးဆိုင်ရာဆောင်ရွက်ချက်များ၊ ဒီမိုကရေစီအစိုးရလက်ထက် ငြိမ်းချမ်းရေးဆိုင်ရာဆောင်ရွက်ချက်များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်နိုင်မှုများနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် မဟာဗျူဟာနှင့် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကချင်ပြည်နယ်သည် သဘာဝတောတောင်ရေမြေနှင့် မြေပေါ်မြေအောက် သယံဇာတပေါကြွယ်ဝမှုရှိပြီးဖြစ်သည့်အတွက် ငြိမ်းချမ်းရေးရရှိပါက လူတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်ကြောင်း၊ ဒေသတစ်ခု၊ နိုင်ငံတစ်ခု၏ အနာဂတ်၊ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ငြိမ်းချမ်းရေးသည် မရှိမဖြစ်လိုအပ်သော အခြေခံအုတ်မြစ်ဖြစ်သည့်အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိအောင် အားလုံးက ပူးပေါင်းပါဝင်ကြရန် လိုအပ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — NP News