Myanmar Digital News

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် PDF အဖွဲ့မှ အဖွဲ့ဝင် ၁၉၅ ဦးတို့ လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်၊ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းအပ်နှံ


နေပြည်တော် နိုဝင်ဘာ ၁၈ 

 

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသဖြင့် PDF အဖွဲ့မှ အမျိုးသား ၁၇၆ ဦး နှင့်အမျိုးသမီး ၁၉ ဦး စုစုပေါင်း ၁၉၅ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာခဲ့ကြသည်။

 

ထိုသို့ ဥပဒေဘောင်အတွင်း လက်နက်/ ခဲယမ်းများနှင့်အတူ ပြန်လည်ဝင်ရောက်လာခဲ့ကြသည့် PDF အဖွဲ့ဝင်များအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့ နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရန်အောင်မြင်ခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အရာရှိ၊ စစ်သည်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့သူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။ 

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက တရားဥပဒေပုဒ်မများနှင့် ပတ်သက်၍ အသိပညာပေးစကားများ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် အတူပါရှိလာသော MA-1 အမျိုးအစားသေနတ် လေးလက်၊ MA-2 အမျိုးအစား သေနတ်တစ်လက်၊ MA-3 အမျိုးအစားသေနတ် လေးလက်၊ M-4 အမျိုးအစားသေနတ် တစ်လက်၊ M-22 အမျိုးအစားသေနတ် တစ်လက်၊ M-16 အမျိုးအစားသေနတ် တစ်လက်၊ Type 81 အမျိုးအစားသေနတ် သုံးလက်၊ ပစ္စတိုသေနတ် နှစ်လက်၊ လက်လုပ်သေနတ် နှစ်လက်၊ ကျည်အိမ်မျိုးစုံ ၂၇ ခု၊ ကျည်မျိုးစုံ ၉၃၇ တောင့်၊ ဗုံးသီးနှင့် မိုင်းမျိုးစုံ ၃၅ လုံး၊ ကျည်ကာအင်္ကျီ တစ်ထည်၊ စကားပြောစက်သုံးလုံး၊ စနှိုက်ပါမှန်ပြောင်း တစ်လက်တို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။ 

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မောင်းပြန်ရိုင်ဖယ် ၁၅ လက်အတွက် ဆုကြေးငွေကျပ်သိန်း ၇၅၀၊ ပစ္စတိုနှစ်လက်အတွက် ဆုကြေးငွေကျပ် သိန်း ၄၀၊ လက်လုပ်သေနတ်နှစ်လက်အတွက် ဆုကြေးငွေကျပ် ၁၀ သိန်း၊ ဗုံးသီးနှင့် မိုင်းမျိုးစုံ ၃၅ လုံးအတွက် ဆုကြေးငွေကျပ် ၁၀၅ သိန်း၊ ကျည်ကာအင်္ကျီတစ်ထည်အတွက် ဆုကြေးငွေနှစ်သိန်း၊ စကားပြောစက်သုံးလုံးအတွက် ဆုကြေးငွေ ခြောက်သိန်း၊ စနိုက်ပါမှန်ပြောင်း တစ်လက်အတွက် ဆုကြေးငွေနှစ်သိန်း လက်နက်မပါ အလင်းဝင်ရောက်လာသူ ၁၆၄ ဦးအတွက် ဆုကြေးငွေကျပ် ၁၆၄ သိန်းနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်သည်။ ထို့နောက် ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပေးသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများ အပ်နှံထားသော လက်နက်ခဲယမ်းများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ လက်ဖက်ရည်ဝိုင်းတို့ဖြင့် တည်ခင်းဧည့်ခံသည်။

 

အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် PDF အဖွဲ့ဝင်များသည် မိသားစုဝင်ဆွေမျိုးများနှင့် အကျပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြရသူများဖြစ်ပြီး အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ် မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာ နေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာ နေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်း တို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ယခုကဲ့သို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

 

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည် လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရသည်။ ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများကို ထိုက်တန်စွာပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ထိုသို့ ဥပေဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည် -

အလင်းဝင် (၁)

သူတို့ရဲ့ တပ်ရင်းနေရာမှာ ကျွန်တော့်ကို နေခိုင်းတယ်။ ဒီသင်တန်းမဆင်းခင်မှာ နှစ်လလောက် ကျွန်တော်နေခဲ့ရတယ်။ ဒီနေတဲ့အခါမှာလည်း သူတို့လိုတဲ့ ဝေယျာဝစ္စတွေ လုပ်ခိုင်းတယ်။ သင်တန်းဆင်းနေတဲ့ ကာလမှာလည်း သူတို့ကျွန်တော်တို့ကို ရိုက်နှက်ဆက်ဆံတာတွေလည်းရှိတယ်။ ကျွန်တော်တို့ ဒီအရာတွေကိုကြည့်ခြင်းအားဖြင့် ကျွန်တော်တို့အလင်းဝင်ရောက်ဖို့ ဒီဟာတွေဖြစ်ခဲ့တယ်။ အလင်းမဝင်ရောက်ခင်မှာလည်း ပြောတာတစ်ခု လုပ်တာတစ်ခု လုပ်ရပ်မတူတဲ့အတွက်ကြောင့် စိတ်ခံစားချက်တွေ စိတ်ခံစားမှု အရမ်းပြင်းထန်လို့ ဒီဘက်ထဲ အလင်းဝင်ရောက်လာခြင်းလည်းဖြစ်တယ်။ အလင်းဝင်ရတဲ့အခါမှာလည်း နိုင်ငံတော်က မိခင်အရင်းလို ကျွန်တော်တို့ကို နွေးနွေးထွေးထွေးနဲ့ ဖိတ်ခေါ်ပေးတဲ့အတွက် ကျွန်တော်အင်မတန်မှ ဝမ်းသာပါတယ်။

 

အလင်းဝင်(၂)

အဖွဲ့အစည်းထဲကို ရောက်သွား တဲ့အခါမှာ ကိုယ့်ရဲ့တစ်ကိုယ်ရေစာ အသုံးစရိတ်အတွက်တောင်မှ အဆင်မပြေပါဘူး။ CDM စလုပ် ဖြစ်ခဲ့တာကတော့ ကျွန်မနဲ့ ဌာနတူသူငယ်ချင်းတွေက အရင်လုပ်သွားတာရော ကျွန်မတို့ရဲ့ဌာနရှေ့မှာ ပြည်သူတွေက ရုံးမတက်နဲ့ရုံးထွက်ပေါ့ ကျွန်မကိုယ်တိုင်ကလည်း ကာကွယ်ဆေးထိုးမယ့်အချိန်မှာ နောက်ကနေလိုက်ပြီး ရုံးမတက်နဲ့ရုံးထွက် အဲဒီလိုမျိုး လိုက်ပြောတဲ့အခါမှာ ရှက်တာရော ပြည်သူတွေရဲ့ ငြိုငြင်မှာကြောက်တာနဲ့ ကျွန်မ CDM ဝင်ဖြစ်သွားတာပါ။ တကယ်အခက်အခဲကြုံတဲ့အခါမှာလည်း ကျွန်မတို့ပြည်သူတွေက ဘယ်သူမှလည်း မကူညီပါဘူး။ ကိုယ့်ဒုက္ခကိုယ်ပဲခါးစီးရင်ဆိုင်ရတာပါ။ အများကြီးသင်ခန်းစာရပါတယ်။ ဝန်ထမ်းတစ်ယောက်ဖြစ်လာဖို့ဆိုတာ မလွယ်ပါဘူး။ မိဘတွေဘက်က ထားခဲ့ရတဲ့ ပညာရေးအခြေခံလည်း ကုန်ကျစရိတ်တွေရော လူ့စွမ်းအားအရင်းအမြစ်ဆိုတာ နိုင်ငံတစ်နိုင်ငံအတွက် အလွန်ကိုခဲယဉ်းလွန်းပါတယ်။ ဝန်ထမ်းတစ်ယောက်ဖြစ်လာဖို့ မလွယ်ပါဘူး။ အများကြီးနစ်နာပါတယ်။ နှစ်နှစ်အတွင်းမှာတော့ ဘာခံစားခွင့်မှမရခဲ့ပါဘူး။ နိုင်ငံတော်နဲ့ တပ်မတော်ရဲ့စေတနာကို များစွာကျေးဇူးတင်မိပါတယ်။ နောင်ဟိုဘက်မှာကျန်ခဲ့တဲ့ ဘဝတူ CDM ဝန်ထမ်းတွေ အားလုံးလည်း ကျွန်မလိုပဲ ပြန်လာချင်တယ်ဆိုရင် ဒီမှာအားလုံးအဆင်ပြေပါတယ်။ အားလုံးပြန်လာခဲ့ဖို့လည် ဖိတ်ခေါ်ချင်ပါတယ်။ ကျွန်မအနေနဲ့ တကယ်ကို လှိုက်လှိုက်လှဲလှဲနဲ့ ကျေးဇူးတင်ရှိကြောင်းနှင့် CDM ဝန်ထမ်းအားလုံးကိုယ်စားရော PDF လူငယ်လေးတွေရဲ့ ကိုယ်စားရော၊ မိဘတွေရဲ့ ကိုယ်စားရော အားလုံးအတွက် တကယ်ကို ကျေးဇူးများစွာတင်ရှိပါတယ်။ ကျွန်မကို ပြန်လည်တာဝန်ထမ်းဆောင်ခွင့်ပေးမယ်ဆိုရင် ကျွန်မ နိုင်ငံတော်ရဲ့စေတနာကို ပြန်ပြီးတော့ တပ်မတော်ရဲ့စေတနာကို ဂုဏ်ပြုသောအားဖြင့် တာဝန်ပြန်ထမ်းဆောင်ပေးချင်ပါတယ်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News