Myanmar Digital News

ဆိုမာလီယာ၌ နေရပ်စွန့်ခွာမှုများနှင့်အတူ လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်မြင့်တက်နေ

ဂျီနီဗာ နိုဝင်ဘာ ၁၈

 

ဆိုမာလီယာနိုင်ငံ၌ မိုးခေါင်ရေရှားမှု၊ ရေကြီးရေလျှံမှုနှင့် အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာမှုများ ဆက်လက်ဖြစ်ပွားနေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များမှာလည်း ဆက်လက်မြင့်တက်နေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က နိုဝင်ဘာ ၁၇ ရက်တွင် ပြောသည်။

 

အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအပါအဝင် လက်ရှိတွင် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာသူ ၃ ဒသမ ၃ သန်းကျော် ရှိလာပြီဖြစ်ကြောင်း၊ ဇန်နဝါရီနှင့် စက်တင်ဘာအတွင်း လူပေါင်း ၈၀၀၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ကြရပြီး ၎င်းတို့အနက် ၇၀ ရာခိုင်နှုန်းခန့်မှာ မိုးခေါင်ရေရှားမှုကြောင့်ဖြစ်ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ၏ အချက်အလက်များကို ကိုးကား၍ OCHA က ပြောသည်။

 

ဒီဇင်ဘာလမတိုင်မီတွင် အယ်လ်နီညိုနှင့်ဆက်နွှယ်သော ရေကြီးရေလျှံမှုများကြောင့် လူပေါင်းသိန်းနှင့်ချီ၍ နေရပ်စွန့်ခွာကြရဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။ ပြီးခဲ့သည့်တစ်လတည်းတွင် ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၁၇၅၀၀ ကျော် နေရပ်စွန့်ခွာခဲ့ကြရပြီး လူပေါင်း ၁၇၀၀၀ မှာလည်း ဘေးဒဏ်သင့်ခဲ့ကြောင်း၊ ထို့ပြင် စက်တင်ဘာလနှင့် အောက်တိုဘာလတွင် ဘေနှင့်ဘာရီဒေသများ၌ အကြမ်းဖက်မှုများကြောင့် လူပေါင်း ၉၅၀၀ ခန့်လည်း နေရပ်စွန့်ခွာခဲ့ကြရကြောင်း OCHA က ဖော်ပြသည်။

 

ဆင်ဟွာ

မူရင်းသတင်း — Myanmar Digital News